နယ်သာလန် ကြယ်ပွင့်ကစားသမားလေး ကိုဒီဂက်ပိုဟာ မန်ချက်စတာယူနိုက်တက်အသင်းထက် ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ခြင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ နယ်သာလန် ကစားသမားဟောင်းကြီး ရော်နယ်ဒီဘိုးဝါးက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Mirror

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူ ဂက်ပိုဟာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း တကယ်တမ်းမှာတော့ လီဗာပူးလ်အသင်းဆီကိုသာ ကာလရှည် စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့သွားဖြစ်ခဲ့ပါတယ်။ ဂက်ပိုဟာ ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ်တစ်ဦး ဖြစ်သလို ယူနိုက်တ်ကနည်းပြ တန်ဟက်ဂ်နဲ့လည်း အေးဂျင့် အတူတူတွေ ဖြစ်နေပေမယ့် ဈေးကွက်အတွင်း ခြေလှမ်း ခပ်သွက်သွက်နဲ့ လှုပ်ရှားသွားခဲ့တဲ့ လီဗာပူးလ်က ယူနိုက်တက်ထက် လက်ဦးမှု ရယူပြီး ဂက်ပိုကို ခေါ်ယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : talksPORT

ဂက်ပိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စီနီယာ ကစားသမားကြီး ဒီဘိုးဝါးက “ဒါက သူ့အတွက် အရေးကြီးတယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘယ်ခြမ်းကနေပြီး ဂိုးဧရိယာထဲ ဝင်ရောက်တာမျိုးမှာ ပိုပြီး ကောင်းနေတာကြောင့်ပါ။ လီဗာပူးလ်ကလည်း ဒီလို ပုံစံမျိုးနဲ့ ကစားနေတယ်လို့ ထင်ပါတယ်။ ဒီလို နေရာမျိုးမှာ ကစားနေတဲ့ ဒီးယက်ဇ်ကလည်း ထူးထူးခြားခြား အရည်အချင်းရှိသူ တစ်ယောက်ပါပဲ။ ဒါကြောင့် သူသာ ပြန်လည် ကြံခိုင်လာတဲ့အခါ ဒီနေရာကို ပြန်လည် ရယူဖို့အတွက် ဂက်ပိုနဲ့ တိုက်ပွဲဝင်ရလိမ့်မယ်။ ဒီအတောအတွင်းမှာတော့ ဂက်ပိုက အဲ့ဒီအခန်းကဏ္ဍမှာ ပို တိုးတတ်လာနိုင်လာပြီး လီဗာပူးလ်အသင်းဟာလည်း လက်ရှိအချိန်မှာ ဂက်ပိုလို ကစားသမားမျိုးကို လိုအပ်နေတယ်လို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော် ထင်မြင်ချက်အရတော့ ဒီအပြောင်းအရွှေ့က ဒီအချိန်မှာ သူ(ဂက်ပို)လုပ်ဆောင်နိုင်ခဲ့တဲ့ အကောင်းဆုံး ရွေးချယ်မှုလို့ပဲ ထင်မိပါတယ်” လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဂက်ပိုဟာ နယ်သာလန် ကစားသမားတွေထဲကမှ အလားအလာ အကောင်းဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်နေတာကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာပဲ အခုထက်မက ပိုမို ကောင်းမွန်တဲ့ ထိပ်တန်း ကစားသမားတစ်ဦးပါ ဖြစ်လာလိမ့်မယ်လို့ ဒီဘိုးဝါးက မှတ်ချက်ပြုခဲ့ပါတယ်။