MySport Myanmar

ကြွက်သားဒဏ်ရာကြောင့် ၄ပတ် ဝန်းကျင် အနားယူရတော့မယ့် စပါးခံစစ်မှူး ရိုမဲရိုး

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက ဗဟိုနောက်ခံလူ ရိုမဲရိုးက စပါးနဲ့ ချယ်လ်ဆီးတို့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကြွက်သားဒဏ်ရာ ရရှိသွားတာကြောင့် ၄ပတ် ဝန်းကျင် အနားယူရတော့မယ်လို့ နာမည်ကြီး အင်္ဂလန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး ရိုမဲရိုးက အတ္တလန်တာကနေ စပါးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကာ စပါးနည်းပြ ကွန်တီရဲ့ စိတ်ကြိုက် နောက်ခံလူ တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ရိုမဲရိုးက ဗဟိုခံစစ် နှစ်နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသလို ပြိုင်ဘက် တိုက်စစ်မှူးတွေအား တဦးချင်း ထိန်းချုပ် ကစားရာမှာ ကောင်းမွန်သလို လိုအပ်ရင် သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိတာကြောင့် သူ့ကို ဆုံးရှုံးလိုက်ရတာဟာ စပါးအတွက် ကြီးမားတဲ့ နစ်နာမှု တခုပါပဲ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုမဲရိုးက စပါးနဲ့ ချယ်လ်ဆီးတို့ ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာပဲ ကြွက်သားဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် အတွင်းမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပေမယ့် ပွဲပြီးတဲ့ အထိ ဆက်ကစားခဲ့တာကြောင့် ဒဏ်ရာရဲ့ အခြေအနေဟာ အနည်းငယ် ပိုမို ဆိုးရွားသွားခဲ့ကာ ရိုမဲရိုးဟာ အဆိုပါ ဒဏ်ရာကြောင့် ၄ပတ် ဝန်းကျင် အနားယူရတော့မယ်လို့ သိရပါတယ်။

Photo Credit: Marca

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနကလည်း ရိုမဲရိုးဟာ ကြွက်သားဒဏ်ရာကြောင့် တလနီးပါး အနားယူရတော့မယ့် အကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ရိုမဲရိုးဟာ အစောဆုံးအနေနဲ့ လာမယ့် စက်တင်ဘာလ ၁၀ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲကို ဝင်ရောက် ကစားပေးနိုင်ဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။

Exit mobile version