MySport Myanmar

လန်ဒန်ဒါဘီပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် (၆)ပတ်ခန့် ထပ်နားရဦးမယ့် ရိုမဲရိုး

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးဟာ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ လန်ဒန်ဒါဘီပွဲစဉ် အစောပိုင်း ပွဲချိန်အတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ပြဿနာကြောင့် ရက်သတ္တပတ် (၆)ပတ်ခန့်လောက်အထိ အနားယူသွားရတော့မယ်လို့ သိရပါတယ်။

စပါးအသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်ကစားသမား ရိုမဲရိုးဟာ ခြေချောင်း ဒဏ်ရာကြောင့် (၂)ပတ်ခန့် အနားယူခဲ့ရသလို စပါးရဲ့ ပွဲစဉ် (၄)ပွဲအထိ လွဲချော်ခဲ့ရပြီးမှ ချယ်လ်ဆီးနဲ့ ပွဲမှသာ ပြန်လည် ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီပွဲမှာပဲ ရိုမဲရိုးဟာ (၁၅)မိနစ်သာ ကစားခဲ့ရပြီး နောက်ထပ် ဒဏ်ရာတစ်ခု ထပ်မံ ရရှိသွားခဲ့ပြန်ပါတယ်။

Photo Credit : SportMoles

အသင်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားချိန်မှ အသင်းအတွက် အရေးပါလှတဲ့ ကစားသမားဖြစ်သူ ရိုမဲရိုး ဒဏ်ရာရသွားတာက စပါးအတွက်တော့ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ရပြီး ရိုမဲရိုးနေရာ ဒရာဂူဆင် ဝင်ရောက်လာပြီးနောက်ပိုင်းမှာပဲ စပါးဘက်က ပေးဂိုး (၄)ဂိုးအထိတောင် ခွင့်ပြုပေးရကာ ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။

ကနဦးပိုင်းမှာတော့ ရိုမဲရိုးက ခြေချောင်းဒဏ်ရာ ပြန်ရသွားတာလို့ ထင်ခဲ့ရပေမယ့်လည်း ဂျာနယ်လစ် Gaston Edul ရဲ့ ဖော်ပြချက်အရ ရိုမဲရိုးဟာ ကြွက်သားဒဏ်ရာ ခံစားသွားရတာဖြစ်ပြီး ဒီဒဏ်ရာကြောင့် နောက်ထပ် ရက်သတ္တပတ် (၆)ပတ်ခန့်လောက်အထိ ထပ်မံ အနားယူသွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : beIN SPORTS

ဒါကြောင့် ရိုမဲရိုးအနေနဲ့ ၂၀၂၄ခုနှစ်ရဲ့ လက်ကျန်ပွဲတွေ အားလုံးကို သေချာပေါက် လွဲချော်သွားရတော့မှာ ဖြစ်သလို စပါးအသင်းကလည်း ဒီဇင်ဘာပွဲကျပ်ကာလမှာ ရိုမဲရိုးလို အသင်းအတွက် အရေးအပါဆုံး ကစားသမားတစ်ဦးကို ဆက်တိုက် လက်လွတ်သွားရတော့မှာဖြစ်လို့ ဒါဟာ စပါးအသင်းအတွက် အတော်လေး နစ်နာရနိုင်ပါတယ်။

ဒါ့အပြင် စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေရပြီး ပရီးမီးယားလိဂ်မှာလည်း (၂)ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားခဲ့တာဖြစ်လို့ စပါးအတွက်ရော စပါးနည်းပြ ပိုစတီကိုဂလူးအတွက်ပါ ဖိအားတွေ များနေရပြီး ဆက်လက် ရလဒ်တွေ ဆိုးနေဦးမယ်ဆိုရင် နည်းပြပိုစတီကိုဂလူးလည်း ရာထူးကနေ ထုတ်ပယ်ခံရနိုင်ပါတယ်။

Exit mobile version