ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အာဂျင်တီးနား ဂိုးသမား ဖြစ်တဲ့ ရိုမဲရိုး ကတော့ ၈လသာ ကျန်တော့တဲ့ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ မန်ယူအသင်းထံ တောင်းဆိုထားကြောင်း အင်္ဂလန် သတင်းဌာန တချို့က ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၃၃နှစ်အရွယ် အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးဟာ ၂၀၂၁ခုနှစ် ဇွန်လမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက မန်ယူအသင်းကနေ ထွက်ခွာဖို့ ကြံခဲ့ပေမယ့် သူ့ကို အပြီးသတ် ခေါ်ယူမယ့်အသင်း မရှိတာကြောင့် မန်ယူအသင်းမှာ ဆက်ကျန်ခဲ့ရသူပါ။

Photo Credit: Sportskeeda

ရိုမဲရိုးဟာ ယခင်က မန်ယူအသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီ မှာတော့ လူငယ် ဂိုးသမား ဟန်ဒါဆန် ပြန်ရောက်လာတာနဲ့အတူ တတိယ ဦးစားပေး ဂိုးသမား နေရာကို ရောက်ရှိ သွားသလို အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းကနေလည်း ချန်လှပ်ခံ ခဲ့ရပါတယ်။ လက်ရှိမှာတော့ ရိုမဲရိုးက မန်ယူအသင်းရဲ့ သူ့အပေါ် ဆက်ဆံပုံတွေကို အတော်လေး စိတ်ပျက်နေပြီး အသင်းဟာ ချန်ပီယံလိဂ် လူစာရင်းကနေ သူ့ကို ချန်လှပ်မယ့် အကြောင်းကိုလည်း သူ့ကို အကြောင်းမကြားခဲ့ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို အသိပေးထားပါတယ်။

Photo Credit: Sportskeeda

အင်္ဂလန် သတင်းဌာန တချို့ကတော့ ရိုမဲရိုးဟာ မန်ယူအသင်းမှာ စာချုပ်ကုန်ဆုံးသည် အထိ နေထိုင်ပါက ပေါင် ၁.၅သန်းခန့် ရရှိနိုင်မှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ လက်ကျန် စာချုပ်ကို ဖျက်သိမ်းပေးဖို့ အသင်းထံ တောင်းဆိုထားကြောင်း ဖော်ပြထားကြပါတယ်။ လက်ရှိမှာတော့ ရိုမဲရိုးကို ခေါ်ယူဖို့ အတွက် အမေရိကန် မေဂျာလိဂ် ကလပ်အများစုက ကြိုးစားနေကြပြီး ရိုမဲရိုးသာ အသင်းလက်မဲ့ ဖြစ်သွားပါက အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ ပိုမို လျင်မြန်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ရိုမဲရိုးရဲ့ တောင်းဆိုချက်နဲ့ ပတ်သတ်ပြီး မန်ယူအသင်းဘက်က အကြောင်းပြန်ခြင်း မရှိပေမယ့် မန်ယူအသင်းဟာ ရိုမဲရိုးရဲ့ တောင်းဆိုချက် ကို လိုက်လျောဖွယ် မရှိကြောင်း သတင်းထောက်တချို့က သုံးသပ် ထားကြပါတယ်။