ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ရိုမဲရိုးက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး နှစ်ဦးဟာ လီဗာပူး ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်နဲ့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် မာတီနက်ဇ်တို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ ရိုမဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန်တာ ကနေ စပါးထံ ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ အသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်သလို အသင်းအတွက် အချိန်ပြည့် တိုက်ပွဲဝင်နေတဲ့ ကစားပုံတွေကြောင့် အချိန်တို အတွင်းမှာပဲ စပါးပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit: Team Talk

တဖက်မှာတော့ လီဗာပူး ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်က ဆောက်သမ်တန်ကနေ လီဗာပူးထံ ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ဗဟိုခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လီဗာပူးဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဆုဖလား ၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့တာလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ဗာဂျယ် ဗန်ဒိုက်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ထားကြပြီး ရိုမဲရိုးကတော့ ယခု နွေဈေးကွက် အတွင်းမှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိလာတဲ့ သူ့ရဲ့ နိုင်ငံအသင်းဖော် မာတီနက်ဇ်ဟာလည်း ဗန်ဒိုက်နည်းတူ ကောင်းမွန်တဲ့ နောက်ခံလူ တဦး ဖြစ်ကာ သူ့ရဲ့ အမြင်မှာ ဗန်ဒိုက်နဲ့ မာတီနက်ဇ်တို့ဟာ အတူတူပဲ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Team Talk

ရိုမဲရိုးက – “ကျွန်တော့်အတွက် အကောင်းဆုံး နောက်ခံလူတွေက လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာဂျယ် ဗန်ဒိုက်ပါပဲ။ ကျွန်တော့်အတွက် သူတို့နှစ်ယောက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေပါ” လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး မာတီနက်ဇ်က ပိတ်သိမ်းသွားတဲ့ နွေဈေးကွက် အတွင်းမှာပဲ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယခုအချိန်မှာ ဗာရန်းနဲ့အတူ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။