မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာတော့မယ့် (ဒါမှမဟုတ်) အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားစာရင်းကို ထုတ်ပြန်လာခဲ့ရာ အသင်းရဲ့ အာဂျင်တီးနားဂိုးသမားဖြစ်သူ ဆာဂျီယိုရိုမဲရိုးလည်း ပါဝင်လျက်ရှိနေပြီး ကစားသမားအများစုကတော့ လူငယ်အသင်းက ကစားသမားတွေဖြစ်ကာ စာချုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးနေတဲ့ ကစားသမားထဲမှာ ဟွမ်မာတာ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားဂိုးသမားကြီး ရိုမဲရိုးဟာ ယူနိုက်တက်အသင်းကို ၂၀၁၅ခုနှစ်ကတည်းက ဆမ်ဒိုရီးယားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ တစ်ပွဲတစ်လေမှကို ပါဝင်ကစားထားရခြင်းမရှိသလို သူနဲ့ အသင်းရဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း ဒီလအတွင်းမှာပဲ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားဘက်ကရော အသင်းဘက်ကရော လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

Photo Credit : Eurosport

ရိုမဲရိုးအပြင် ယူနိုက်တက်ရဲ့ ပေါ်တူဂီဂိုးသမားတစ်ဦးဖြစ်တဲ့ ဂျိုရယ်ပါရဲရားမှာလည်း အသင်းနဲ့ လမ်းခွဲတော့မယ့် ကစားသမားစာရင်းထဲမှာ ပါဝင်လာခဲ့ရပြီး အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ ပုချ်မဲလ် မက်စ်တေလာ အယ်လူထရာအိုရေး လက်စတန်ဟုချ် မတ်ခ်ဟမ်း ဂျာကော့ကာနေးတို့လည်း ပါဝင်လို့နေပါတယ်။ ဒီလို ကစားသမား အရေအတွက်များစွာနဲ့ လက်တွဲဖြုတ်သွားဖို့ ရှိနေပေမယ့် အသင်းရဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူမာတာနဲ့တော့ စာချုပ်သက်တမ်းတိုးမတိုးကို ဆက်လက်ဆွေးနွေးနေဆဲသာ ရှိနေသေးတယ်လို့ သိရှိရပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဟွမ်မာတာဟာ ဒီလအတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် အသင်းဘက်ကနေ မာတာကို တစ်နှစ်ထပ်တိုး စာချုပ်ချုပ်ဆိုဖို့ အစီအစဉ် ရှိနေတာကြောင့် စာချုပ်ကိစ္စကို ဆက်လက်ဆွေးနွေးနေဆဲ ရှိနေပြီး အသင်းမှာ ဆက်ရှိနေမလားဆိုတာကိုတော့ မာတာဘက်ကနေ ဆုံးဖြတ်သွားရမှာဖြစ်ပါတယ်။ မာတာဟာ ယူနိုက်တက်အသင်းကို နည်းပြဟောင်း ဒေးဗစ်မွိုက်စ်လက်ထက်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုထိ အသင်းအတွက် အားထားနေရတဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေပါသေးတယ်။