ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် ခ်န္ပီယံ မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ လူငယ်ကွင်းလယ်ကစားသမားလေး ရိုမီအိုလာဗီယာကို ကာလရှည် စာချုပ်တစ်ရပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး မန်စီးတီးဘက်ကတော့ သူတို့ကစားသမားလေးကို တစ်ချိန်ချိန်မှာ အသင်းဆီ ပြန်လည်ခေါ်ဆောင်နိုင်မယ့် buyback စာချုပ်ကိုလည်း ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Manchester Evening News

ကစားသမားကောင်းတွေ အမြဲမွေးထုတ်ပေးသလို ကလပ်အသင်းကြီးတွေရဲ့ လူငယ်ကစားသမားတွေကိုပါ မြေတောင်မြှောက်ပေးတတ်တဲ့ ဆောက်သမ်တန်အသင်းဟာ အခုလည်း မန်စီးတီးရဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး လာဗီယာကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီးအသင်းနဲ့ အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်သလို ကစားသမားလေးနဲ့လည်း ဒီတစ်ပတ်အတွင်းမှာပဲ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဘက်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး လာဗီယာကို ပေါင်သန်း(၄၀)ဝန်းကျင်လောက်နဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းခဲ့ပြီးမှ ဆောက်သမ်တန်ဆီ ရောင်းချဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Manchester City FC

အသက်(၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ ယူ-၁၉ ကွင်းလယ်ကစားသမားလေး လာဗီယာဟာ ဘယ်လ်ဂျီယံ နာမည်ကြီးကလပ် အန်ဒါလက်ချ်အသင်းရဲ့လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာပဲ မန်စီးတီး လူငယ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ အသက်(၁၆)နှစ်မှာပဲ မန်စီးတီးလို ကလပ်အသင်းကြီးဆီ ရောက်ရှိလာခဲ့တဲ့ လာဗီယာဟာ အချိန်တိုလေးအတွင်းမှာပဲ မန်စီးတီး ယူ-၁၈ ကေန ယူ-၂၃ အသင်းမှာ ကူးပြောင်းကစားခဲ့ရသလို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီး စီနီယာအသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခဲ့ခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဝိုင်ကမ်ဘီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ EFL Cup ပွဲစဉ်မှာလည်း သူရဲ့ မန်စီးတီး စီနီယာ ကစားသမားဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ အခုတော့ ကွင်းလယ်ခံစစ် ကစားသမားလေး လာဗီယာဟာ သူ့အတွက် ပွဲထွက်ကစားခွင့်တွေ ပိုမိုရရှိနိုင်မယ့် ဆောက်သမ်တန်အသင်းဆီကို ပြောင်းရွှေခဲ့ပြီဖြစ်လို့ လာမယ့်ရာသီမှာ လာဗီယာရဲ့ ခြေစွမ်းတွေကို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။