ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူလည်းဖြစ် ၊ လက်ရှိမှာ အမေရိကန် ဘောလုံးကလပ် အင်တာ မိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်လည်း ဖြစ်တဲ့ ဘက်ခမ်းရဲ့ ဒုတိယမြောက်သား ရိုမီယိုဟာ ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရရှိခဲ့သူ တဦး ဖြစ်ပြီး ရုပ်ရည်လည်း ချောမောတာကြောင့် ဘောလုံးသမား ဘဝမှာရော ၊ မော်ဒယ်လောကမှာပါ အောင်မြင်ခဲ့သူပါ။

Photo Credit: AS English

ဒါကြောင့်လည်း ဘက်ခမ်းရဲ့ သားအကြီးဆုံး ဘရွတ်ကလင် ဘက်ခမ်းဟာ ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်း မော်ဒယ်တဦး အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပြီး သားအလတ် ရိုမီယို ဘက်ခမ်းကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦး အဖြစ် ကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ် ရိုမီယို ဘက်ခမ်းဟာ အင်တာ မိုင်ယာမီအသင်းရဲ့ မိတ်ဖက်အသင်း ဖြစ်တဲ့ လော်ဒါဒယ်အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ပြီး လာမယ့် ရက်သတ္တပတ်မှ စတင်ကာ လော်ဒါဒယ်အသင်း အတွက် ပါဝင် ကစားပေးတော့မယ်လို့ သိရပါတယ်။

Photo Credit: AS English

လော်ဒါဒယ်အသင်းဟာ အမေရိကန် မေဂျာလိဂ်ထက် တဆင့်နိမ့်တဲ့ လိဂ်ဝမ်းအသင်း တသင်း ဖြစ်ပြီး ရိုမီယို ဘက်ခမ်း တယောက် သူတို့အသင်း အတွက် ကစားပေးဖို့ ရွေးချယ်ခဲ့တာဟာ ရိုမီယိုအတွက် ဖိအားကင်းသလို လော်ဒါဒယ်အသင်းရဲ့ ပုံရိပ်ကလည်း ရိုမီယိုကြောင့် ပိုမို ထင်ရှားလာနိုင်ကြောင်း မေဂျာလိဂ် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ရိုမီယို ဘက်ခမ်း တယောက် မြက်ခင်းစိမ်းတွေပေါ်မှာ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့ ခြေရာကို လိုက်နင်းနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။