ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူဟာ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို လိုက်ပါဆင်နွဲလျက်ရှိနေပြီး အသေးစား ပေါင်ဒဏ်ရာ ရရှိနေတာကြောင့် ကလပ်အသင်းဆီကို မပြန်သွားခင်မှာ သူရဲ့ဒဏ်ရာအခြေအနေကို ဘယ်လ်ဂျီယံနိုင်ငံအတွင်းမှာပဲ တစ်ခါတည်း စစ်ဆေးသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ မနေ့ညက ချက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာပဲ သူရဲ့ဘယ်လ်ဂျီယံ ကစားသမားဘဝ ပွဲတစ်ရာ ပြည့်သွားခဲ့ရတာ ဖြစ်သလို ဒီလို အမှတ်တရပွဲစဉ်မှာပါ အသင်းအတွက် ဗွေဆော်ဦးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နဂိုကတည်းက တစ်ဝါထိထားခဲ့ရတဲ့ လူကာကူက ချက်နဲ့ပွဲမှာပါ နောက်တစ်ဝါ အပြသခံခဲ့ရလို့ ဘီလာရုစ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်တဲ့အတွက် သူရဲ့ကလပ် ချယ်လ်ဆီးအသင်းဆီကို စောစီးစွာ ပြန်သွားနိုင်မှာ ဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က သူ့မှာ အသေးစား ဒဏ်ရာပြသာနာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဖွင့်ဟထားတာကြောင့် ချယ်လ်ဆီးဆီ မပြန်ခင်မှာ ဒဏ်ရာအတိမ်အနက်ကို စစ်ဆေးရဖွယ် ရှိနေပါတယ်။

Photo Credit : The Independent

ချက်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲစဉ်အပြီးမှာ လူကာကူက “ကျွန်တော် ချယ်လ်ဆီးအသင်းဆီကို မပြန်သွားခင်မှာ ကျွန်တော်ရဲ့ ပေါင်ဒဏ်ရာ အခြေအနေကို အရင်ဆုံး စစ်ဆေးရပါလိမ့်မယ်။ ဒီ အသေးစား ဒဏ်ရာပြသာနာလေးတစ်ခုနဲ့ ရုန်းကန်နေရတာ အချိန်အတိုင်းအတာ တစ်ခုလောက်ကို ရှိနေပါပြီ။ ဒါကြောင့် ဒါကို စစ်ဆေးပြီးမှပဲ ချယ်လ်ဆီးအသင်းဆီကို ပြန်သွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ လူကာကူုဟာ ဒီနှစ်ဘောလုံးရာသီကမှ အင်တာမီလန်ကနေ အသင်းဟောင်း ချယ်လ်ဆီးဆီကို ပြောင်းရွှေ့ကြေး ပေါင်(၉၈)သန်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာပါ အဖွင့်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ အီတလီမှာ (၂)ရာသီ ကျင်လည်ခဲ့ပြီး ဂိုးတွေလည်း သွင်းယူနိုင်ခဲ့သလို စီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်ခဲ့တဲ့ လူကာကူဟာ သူအချိန်အများဆုံး ကျင်လည်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့လို ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ပိုင်ဆိုင်လိုက်တဲ့ ချယ်လ်ဆီးဟာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ဖြစ်နိုင်ခြေအများဆုံး အသင်းအဖြစ်နဲ့ပါ ရေပန်းစားနေရပါတယ်။