ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမီလူလူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီကမှ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့် လက်ရှိအချိန်မှာ အသင်းနဲ့ အဆင်မပြေမှုလေးတွေ ရှိနေရသလို အသင်းမှာ မပျော်ရွှင်တော့သလိုပါ ဖြစ်နေတဲ့အပြင် အီတလီ မီဒီယာတချို့ရဲ့ ဖော်ပြချက်မှာလည်း လူကာကူဟာ သူ့အသင်းဟောင်း အင်တာမီလန်နဲ့ပါ video calls ပြောဆိုမှုတွေကိုပါ လုပ်ဆောင်လို့နေတယ်လို့ သိရှိရပါတယ်။

Chelsea: Romelu Lukaku 'still not happy at club as Inter Milan eye  potential return in the summer' | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ နွေစျေးကွက်ကမှ အင်တာကနေ ချယ်လ်ဆီးအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူရဲ့လန်ဒန် အပြန်ခရီးစဉ်အစက ကျေနပ်စရာ ဖြစ်ခဲ့ပေမယ့် အင်တာဗျူးတစ်ခုမှာ ချယ်လ်ဆီးအသင်းနဲ့ အဆင်မပြေစေနိုင်မယ့် စကားတွေအပြင် အင်တာကို ချစ်မြတ်နိုးနေဆဲဆိုတဲ့ စကားတွေ ပြောဆိုမိတာကြောင့် ချယ်လ်ဆီးဘက်ကို တောင်းပန်ခဲ့ရသလို အဲ့ဒီနောက်ပိုင်းကတည်းက လူကာကူဟာ အသင်းမှာ ပုံမှန်ကစားခွင့်တွေပါ ပျောက်ဆုံးလာခဲ့ရကာ ရုန်းကန်လာခဲ့ရပါတယ်။

Reborn striker Romelu Lukaku rejoins Chelsea in record $135M deal | Daily  Sabah

Photo Credit : Daily Sabah

တနေ့နေ့တချိန်ချိန်မှာ အင်တာကို ပြန်သွားမယ်လို့ပါ ပြောဆိုထားခဲ့ဖူးတဲ့ လူကာကူဟာ အင်တာမီလန်အသင်းနဲ့ ပုံမှန်အဆက်အသွယ်တွေ ရှိလို့နေတယ်လို့ Gazzetta dello Sport က ဖော်ပြထားသလို TuttoSport မှာလည်း လူကာကူက အင်တာရဲ့အသင်းဒါရိုက်တာဖြစ်သူနဲ့ ဆက်သွယ်နေပြီး သူ့ကို ပြန်လည်ခေါ်ယူပေးဖို့ပါ ပြောဆိုထားတာမျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းအပေါ် ဗြိတိန်အစိုးရကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ အသင်းရဲ့ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့ရော အသင်းကနေ ရောင်းချဖို့ပါ မလွယ်ကူတဲ့အပြင် အင်တာမီလန်အသင်းကလည်း အသင်းဘဏ္ဍာရေးပိုင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တိုက်စစ်မှူး လော်သာရိုမာတီနက်ဇ်ကို ရောင်းထုတ်သွားဖို့အထိပါ ပြင်ဆင်နေရသလို လူကာကူကိုလည်း အငှားနဲ့သာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေမှာ (၂)ရာသီအထိ ကျင်လည်ခဲ့ပြီး နောက်ဆုံးရာသီမှာ အသင်းအတွက် စီးရီးအေချန်ပီယံ ဆုဖလားကြီးကို ရယူပေးနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း စီးရီးအေသွင်းဂိုးပေါင်း (၄၇)ထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။