MySport Myanmar

မလုပ်ချင်တဲ့ အရာတွေ လုပ်ပေးနေရတယ်လို့ ငြီးငြူလာပြန်တဲ့ ရိုမီလု လူကာကူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်မှူး တဦးဖြစ်သူ ရိုမီလု လူကာကူ ကတော့ သူဟာ သူနဲ့ မလိုက်ဖက်တဲ့ အရာတွေကို လုပ်ပေးနေရကြောင်း အဓိပ္ပါယ် ထွက်တဲ့ စာသား တခုကို တင်ရင်း ချယ်လ်ဆီးအသင်း အတွင်းမှာ ပြဿနာတွေ ပြန်ဖြစ်လာအောင် ထပ်မံ ပုံဖော်နေပြန်ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုထားသူပါ။

Photo Credit: Goal

လူကာကူဟာ ချယ်လ်ဆီးထံ ပြန်လည် ရောက်ရှိကာစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် အသုံးတော်ခံနိုင်ကြောင်းကို သက်သေပြကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် အချိန်အနည်းငယ် ကြာခဲ့ပြီးနောက် လူကာကူဟာ အသင်းဖော် ကစားသမားတွေနဲ့ သာမက အသင်းနည်းပြ တူဟယ်လ်နဲ့ပါ ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

လူကာကူဟာ အီတလီ သတင်းဌာန တခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေဆီ ပြောင်းရွှေ့ခွင့် မရခဲ့တာကြောင့်သာ ချယ်လ်ဆီးဆီ ပြောင်းခဲ့ရတာ ဖြစ်ကြောင်း ပြောကြားခဲ့သလို တူဟယ်လ်ရဲ့ နည်းစနစ်တွေနဲ့ သူ့ရဲ့ ကစားပုံက မလိုက်ဖက်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

အဲ့ဒီ အင်တာဗျူးကြောင့်ပဲ တူဟယ်လ်က လူကာကူကို အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခဲ့သလို လူကာကူနဲ့ သူ့ရဲ့ အေးဂျင့်တို့က ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အင်တာဗျူးနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောဆိုမှုတွေ လုပ်ခဲ့ရသလို လူကာကူကလည်း အသင်းဖော်တွေနဲ့ ချယ်လ်ဆီး ပရိသတ်တွေကို လူသိရှင်ကြား တောင်းပန်ခဲ့ရပါသေးတယ်။

ဒါပေမယ့် ယမန်နေ့ညမှာတော့ လူကာကူက ချယ်လ်ဆီး ပရိသတ်တွေ စိတ်ပူစေမယ့် လုပ်ရပ်တခုကို ထပ်မံ ပြုလုပ်ခဲ့ပြီး သူက သူ့ရဲ့ snap chat အကောင့်မှာ “အံမဝင်တဲ့ အရာတခုကို လုပ်ဆောင်နေရကြောင်း” အဓိပ္ပါယ် ရတဲ့ စာသား တခုကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ လူကာကူက “ခင်ဗျားသာ တစုံတခု အတွက် အတင်းအကျပ် ဖိအားပေးခံနေရရင် အဲ့ဒါက ခင်ဗျားနဲ့ အံမဝင်လို့ပဲ” ဆိုတဲ့ စာသားကို တင်ခဲ့တာ ဖြစ်ကာ ချယ်လ်ဆီး ပရိသတ်တွေ ကတော့ လူကာကူဟာ နောက်ထပ်တကြိမ် ပြဿနာ ရှာနေပြီလို့ ဝေဖန် သုံးသပ်နေကြပါတယ်။

Exit mobile version