ဒီရက်ပိုင်းအတွင်းမှာ အသင်းဟောင်းချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေရတဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး ရိုမယ်လူလ်လူကာကူက သတင်းတွေ ထွက်ပေါ်နေသလို အသင်းကနေ ထွက်ခွာသွားမှာမဟုတ်ပဲ အင်တာမီလန်အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်ကြောင်းနဲ့ အင်တာမှာ သူပျော်ရွှင်နေရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ၂၀၁၉ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အီတလီစီးရီးအေမှာ (၂)ရာသီကြာ ကျင်လည်ခဲ့ပြီးနောက်မှာပဲ အသင်းအတွက် စီးရီးအေသွင်းဂိုး (၄၇)ဂိုး ပြိုင်ပွဲစုံသွင်းဂိုး (၆၄)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကိုပါ အရယူဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ပြီး သူရဲ့အသင်းဟောင်း ချယ်လ်ဆီးကပါ ပြန်လည်ခေါ်ယူချင်လာခဲ့ပါတယ်။

Photo Credit : Inter

လူကာကူဟာ မေလနှောင်းပိုင်းလောက်ကတည်းက ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေခဲ့ပြီး ချယ်လ်ဆီးဘက်ကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် အသင်းက ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့အထိပါ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လူကာကူကတော့ “ကျွန်တော် အင်တာမီလန်မှာပဲ ဆက်လက်ရှိနေမှာပါ။ အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် အင်ဇာဂီနဲ့လည်း ကျွန်တော် အဆက်အသွယ်တွေ ရခဲ့ပြီးပါပြီ။ ကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် အင်တာမှာပဲ ပျော်ရွှင်နေပါတယ်” လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ အန်ဒါလက်ချ် ချယ်လ်ဆီး ဝက်စ်ဘရွန်း အဲဗာတန်နဲ့ ယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ လူကာကူဟာ လက်ရှိမှာတော့ သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဘယ်ဂျီယံအသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲသွားဖို့ အဆင့်သင့်ဖြစ်နေပြီး ဒီပြိုင်ပွဲမှာလည်း အသင်းနဲ့အတူ ဗိုလ်စွဲနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရှိရပါတယ်။ လူကာကူဟာ ဘယ်ဂျီယံအသင်းဟာ အုပ်စု(B)မှာ ဒိန်းမတ် ဖင်လန် ရုရှားအသင်းတွေနဲ့အတူ ကျရောက်လို့ရှိနေတဲ့အတွက် အုပ်စုဗိုလ်နဲ့ပါ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ အခြေအနေကောင်းလို့နေပါတယ်။