အင်တာမီလန်အသင်းရဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား ရိုမယ်ယူလူကာကူကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်လေဗာကူဆင်အသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး အသင်းကို ဆီမီးဖိုင်နယ်တတ်လှမ်းအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း ယူရိုပါလိဂ်ပြိုင်ပွဲအတွင်းမှာ ဘယ်ကစားသမားကမှ မရယူနိုင်ဖူးသေးတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : One Football

အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်ဘောလုံးရာသီကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းသစ်မှာ အလျင်အမြန် အထိုင်ကျခဲ့သလို သူရဲ့အင်တာအသင်းအတွက်ကိုလည်း ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး(၃၀)ကျော်တောင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုလည်း လူကာကူဟာ လေဗာကူဆင်နဲ့ပွဲမှာ အသင်းအတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကို ရယူပေးပြီးနောက်မှာ စံချိန်မှတ်တမ်းကောင်းတစ်ခုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : AS English

တိုက်စစ်မှူးလူကာကူဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီတုန်းကသူရဲ့အသင်းဟောင်း အဲဗာတန်အသင်းနဲ့အတူ ယူရိုပါလိဂ်ပွဲစဉ်တွေကို ဆင်နွဲခဲ့ရစဉ် ယူကရိန်းကလပ် ဒိုင်နမိုကိယက်အသင်း ဆွတ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းနဲ့ ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းတို့နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်(၅)ပွဲဆက်တိုက်ကို သွင်းဂိုးတွေရယူခဲ့တဲ့အပြင် အင်တာမီလန်အသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်နွဲရစဉ်မှာလည်း လူဒိုဂိုရက်ဇ်အသင်း ဂီတာဖေးအသင်းနဲ့ လေဗာကူဆင်အသင်းတို့နဲ့ ပွဲစဉ်(၄)ပွဲမှာ သွင်းဂိုးတွေ ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ အခုလို ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဆိုတာ လုံးဝမရှိသေးပဲ လူကာကူက ပထမဆုံးအကြိမ်အဖြစ် စံချိန်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ အီတလီစီးရီးအေပြိုင်ပွဲမှာလည်း သွင်းဂိုး(၂၃)ဂိုးကို ပွဲထွက်ဦးတဲ့ ဘောလုံးရာသီမှာပဲ ရယူနိုင်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယားရဲ့ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်အောင် အဓိကနေရာကနေ ကူညီပေးနိုင်ခဲ့ပါတယ်။ အခုလည်း အသင်းကို ဥရောပမှာ အောင်မြင်မှုတစ်ခု ရယူပေးနိုင်ဖို့အတွက် လူကာကူက သူရဲ့သွင်းဂိုးတွေ ကူညီပေးနေပြီး အင်တာအသင်းကလည်း ဆီမီးမှာ ရှက်တာဒိုးနက် ဒါမှမဟုတ် ဘေဆယ်နဲ့ ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။