ပြီးခဲ့တဲ့ရက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ မာလ်မိုအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်မှာပဲ ဒဏ်ရာအသီးသီး ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက်မကစားနိုင်တော့ပဲ လူစားပါ လဲခဲ့ရတဲ့ လူကာကူနဲ့ တီမိုဗာနာတို့နှစ်ယောက်လုံး လတ်တလော ဒဏ်ရာအခြေအနေတွေကြောင့် ဘယ်လောက်အထိ အနားယူသွားရမလဲဆိုတာကို ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Metro

ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့နှစ်ယောက်ဟာ ဆွီဒင်ကလပ် မာလ်မိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ခဲ့ရင်းနဲ့ ပွဲကစားချိန် (၂၃)မိနစ်မှာပဲ လူကာကူက ခြေချင်းဝတ်ဒဏ်ရာ ရသွားခဲ့တာကြောင့် ဟားဗက်ဇ်နဲ့ လူစားလဲခဲ့ရသလို (၄၄)မိနစ်မှာလည်း တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့့တဲ့ တီမိုဗာနာမှာလည်း အိုဒွိုင်းနဲ့ လူစားလဲခဲ့ရပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားနှစ်ယောက်လုံး ဒဏ်ရာတွေ ရသွားခဲ့တာကြောင့် အသင်းပရိသတ်တွေအတွက် စိုးရိမ်စိတ် ဝင်သွားခဲ့ရပါတယ်။

Photo Credit : Metro

ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းပြ တူဟယ်လ်က လူကာကူရော ဗာနာရောက သူတို့ရဲ့ ဒဏ်ရာအခြေအနေတွေကြောင့် အနည်းဆုံး (၂)ပွဲလောက် အနားယူရနိုင်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တူဟယ်လ်က “ခရစ္စတီယန်ပူလီဆစ်ပါ အပါအဝင်ဆိုရင်တော့ မနက်ဖြန်မှာ ကစားရမယ့် နောဝစ်ချ်နဲ့ပွဲ ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့် လိဂ်ဖလားပွဲတွေလောက်အထိ လွဲချော်ရနိုင်ပါတယ်။ ဒီပွဲတွေပြီးရင်တော့ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော် သေချာပေါက် ပြောနိုင်တာကတော့ လူကာကူရော ဗာနာရော ဆေးကုသမှုတွေ ခံယူနေရတယ်။ အခြေအနေလည်း ကောင်းနေတယ်။ စိတ်ပူပင်စရာလည်း ရှိမနေဘူး။ ဒါပေမယ့် သေချာပေါက်ကတော့ လာမယ့်(၂)ပွဲကို လွဲချော်ရမှာပါ။ တစ်ခါတစ်လေတော့ မျှော်လင့်တာထက် ပိုရှည်ကြာနိုင်သလို မထင်မှတ်ထားလောက်အောင်ကိုလည်း မြန်မြန်ပြန်ကောင်းလာတာလည်း ဖြစ်နိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အခု အောက်တိုဘာလအတွင်းမှာတော့ နောဝစ် ဆောက်သမ်တန် နယူးကာဆယ်အသင်းတွေနဲ့သာ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲအနေအထားချောင်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။