အင်တာမီလန်နဲ့ ဘယ်ဂျီယံလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားလူကာကူက ဒီနေ့ညမှာ သူရဲ့ဘယ်ဂျီယံအသင်းနဲ့ UEFA Nations League ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်လက််ရွေးစင်အသင်းဘက်မှာ တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့် ဒဏ်ရာကြောင့် မပါဝင်လာနိုင်ခဲ့တာဟာ သူတို့အသင်းရဲ့ ခံစစ်ပိုင်းအတွက်တော့ ခေါင်းကိုက်စရာတစ်ခု လျော့နည်းသွားခဲ့ရပြီလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

လူကာကူနဲ့ ရပ်ဖိုဒ့်တို့နှစ်ယောက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ တိုက်စစ်ကစားသမားတွေဖြစ်ပြီး တိုက်စစ်ပိုင်းမှာလည်း အတွဲညီခဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်၂၀၁၉ခုနှစ်မှာပဲ လူကာကူက အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး ရပ်ဖိုဒ့်က ယူနိုက်တက်မှာပဲ ကျန်ရစ်နေခဲ့ကာ သူတို့ရဲ့သက်ဆိုင်ရာအသင်းတွေအတွက်လည်း သွင်းဂိုးတွေများစွာကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ယောက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ဝင်ဘာလေကွင်းမှာ အင်္ဂလန်နဲ့ဘယ်ဂျီယံတို့ ယှဉ်ပြိုင်ကစားခဲ့ရစဉ် ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရပေမယ့် အခုတကြိမ်မှာတော့ ရပ်ဖိုဒ့်က ဒဏ်ရာရနေတဲ့အတွက် ပါဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီအကြောင်းနဲ့ပတ်သက်ပြီး လူကာကူက “တကယ်လို့ ရပ်ဖိုဒ့်သာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ဘူးဆိုရင် အင်္ဂလန်ဘက်က ဒါကို သေချာပေါက် သတိထားဖို့ လိုပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့အသင်းရဲ့ ခံစစ်ကစားသမားတွေအနေနဲ့ကလည်း ခေါင်းကိုက်စရာတစ်ခုလောက် လျော့သွားပါလိမ့်မယ်။ ကျွန်တော်က သူနဲ့ တွဲဖက်ပြီး ကစားခဲ့ဖူးတဲ့သူဆိုတော့ သူဘယ်လိုကစားသမားလဲဆိုတာကို ကောင်းကောင်းသိနေတယ်။ သူက တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားပါ။ ငယ်ရွှယ်ပေမယ့် ထက်မြက်တယ်။ ကမ္ဘာပေါ်က ဘယ်ပြိုင်ဘက်ကိုမဆို ဘယ်အသင်းကိုမဆို ဒုက္ခကောင်းကောင်းပေးနိုင်တယ်။ သူက လျင်မြန်တယ်။ ပင်နယ်တီဧရိယာထဲထိကို အလိမ်အခေါက်တွေနဲ့ ဝင်ရောက်သွားတတ်တယ်။ အကြောက်အလန့်လည်းမရှိဘူး။ အသင်းဖော်တွေနဲ့လည်း ကောင်းကောင်းချိတ်ဆက်နိုင်တယ်။ သူက ယူနိုက်တက်မှာ စပြီးတွေ့လိုက်ကတည်းက သူ့ဆီမှာ ခြေစွမ်းကောင်းတွေ ရှိနေမယ်ဆိုတာကို ကျွန်တော်သတိထားမိတယ်။ သူရဲ့ ပရဟိတလုပ်ငန်းတွေကို ကျွန်တော်လေ့လာမိသေးတယ်။ သူ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ကျွန်တော်သာ ယူနိုက်တက်မှာ သူနဲ့ဆက်ပြီး တွဲဖက်ကစားနေရဦးမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ အတိအကျတော့ ကျွန်တော်မသိပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံး အသင်းအတွက် ဂိုးတွေသွင်းယူနေမှာတော့ သေချာပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။