ဒီနှစ်ဘောလုံ့းရာသီမှာ အသင်းရဲ့ အဓိက အကျဆုံးသော ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီကို လက်လွတ်လိုက်ရပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ထိကို ဆင်းကစားရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဇာဗီကို အသင်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ထားပေမယ့်လည်း အသင်းရဲ့ အခြေအနေတွေက သိသိသာသာ တိုးတတ်လာခြင်း မရှိသေးပဲ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit : GiveMeSport

ဒီလို အခြေအနေဆိုးမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကို ဝုလ်ဗ်အသင်းရဲ့ မော်ရိုကို နောက်ခံကစားသမား ဆာအိက ပြင်းပြင်းထန်ထန်ကို လှောင်ပြောင်သွားခဲ့ပြီး လက်ရှိ ဝုလ်ဗ်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘာစီလိုနာ နောက်ခ့ံလူဟောင်း ဆယ်မီဒိုကို ကျီစယ်ရင်းနဲ့ ဆယ်မီဒိုရဲ့အသင်းဟောင်း ဘာစီလိုနာကိုပါ ထိုးနှက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆာအိက ဘာစီလိုနာအသင်းနဲ့ ပတ်သက်ပြီး “ငါ့သူငယ်ချင်း မင်း ဘာကြောင့် ဘာစီလိုနာအသင်းအကြောင်းကို ပြောဆိုနေရတာလဲ။ သူငယ်ချင်း ဘာစီလိုနာအသင်းက ပြီးဆုံးသွားခဲ့ပြီ။ မက်ဆီလည်း အသင်းကနေ ထွက်ခွာသွားခဲ့ပြီ။ တခြား ကစားသမားတွေကလည်း ဒီအသင်းကနေ ထွက်ခွာသွားကြတော့မှာ” လို့ နောက်ပြောင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်လျက်ရှိနေပြီး အဆင့်(၄)နေရာက ဗယ်လက်ကာနိုအသင်းနဲ့ ရမှတ်(၂)မှတ်သာ ကွာဟနေတာဖြစ်လို့ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်မယ့် မျှော်လင့်ချက်က ရှင်သန်နေသေးတယ် ဆိုပေမယ့်လည်း နည်းပြသစ်ဇာဗီလက်အောက်မှာ အသင်းရဲ့ ရလဒ်တွေက ထူးထူးခြားခြား ကောင်းမွန်နေသေးခြင်း မရှိသလို ယူရိုပါလိဂ်မှာပါ နာပိုလီအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်လို့ ဘာစီလိုနာအသင်းအနေနဲ့ လက်ကျန်ဘောလုံးရာသီမှာ ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ် ရှိနေရပါတယ်။ ဒီလို အခြေအနေတွေအပြင် အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ဘာစီလိုနာအသင်းကနေ အသင်းရဲ့ ကစားသမား လိုအပ်ချက်တွေအတွက် ငွေကြေးပေါများစွာ သုံးစွဲနိုင်ဖွယ် မရှိပဲ အလွတ် ဒါမှမဟုတ် အငှားကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းရဖွယ် ရှိနေသလို အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်နဲ့ ဂိုးသမား တာစတီဂန်တို့ကိုပါ အသင်းကနေ ရောင်းထုတ်သွားရဖွယ် ရှိလို့နေပြီး လတ်တလောမှာလည်း လာမာစီယာ အကယ်ဒမီထွက် လူငယ်ကစားသမား အများအပြားနဲ့ အသင်းကို ရှေ့ဆက်နေခဲ့ရပါတယ်။