စီးရီးအေမှာ ယခင်ကလို ထိပ်သီးအသင်း တစ်သင်းဖြစ်အောင် လူအင်အားဖြည့်တင်းမှုတွေကို ပြုလုပ်လာခဲ့တဲ့ ရိုးမားအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းကနေ သူတို့အသင်းထံကို အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ခံစစ်မှူး စမောလင်း ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူသွားဖို့ ကြိုးစားမှာ ဖြစ်သလို စမောလင်းရဲ့ တွဲဖက်ဟောင်း တစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား အလက်စစ် ဆန်းချက်ကိုပါ တစ်ပါတည်း ခေါ်ယူသွားဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အသက်၃၁နှစ်အရွယ် ဆန်းချက်ဟာ မန်ယူ အသင်းထံကို ပြိုင်ဘက် အာဆင်နယ်အသင်း ထံကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းရဲ့ လစာအများဆုံး ကစားသမားတစ်ဦး ဖြစ်နေပေမယ့် လစာနဲ့ လိုက်ဖက်တဲ့ ခြေစွမ်းကို မပြသနိုင် ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေကလပ် အင်တာမီလန်အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့သူပါ။

Photo Credit: Sky Sports.com

ဒါပေမယ့် ဆန်းချက်ဟာ အင်တာမီလန် အသင်းအတွက် ပထမဦးဆုံး ကစားခဲ့တဲ့ ပွဲစဉ် တချို့မှာသာ ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပွဲပယ် ပြစ်ဒဏ်ကျခံလိုက်ရချိန်မှ စတင်ကာ အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ခြင်း မရှိတော့ပဲ ပြင်းထန်တဲ့ ဒဏ်ရာနဲ့ ကြုံတွေ့ ရချိန်မှာတော့ ဆန်းချက်ရဲ့ အင်တာမီလန် ကစားသမားဘဝဟာ အဆုံးသတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ ဆန်းချက်ကို အပြီးသတ် ခေါ်ယူလိုခြင်း အလျဉ်း မရှိတော့ပဲ ရာသီကုန်ရင် မန်ယူအသင်းထံကို ပြန်လည် စေလွှတ်သွားတော့မှာပါ။ တစ်ဖက်မှာလည်း မန်ယူအသင်းဟာ ဆန်းချက်အတွက် တစ်ပတ်လုပ်ခ ပေါင်၅သိန်းအထိ ပေးချေနေရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုတာကြောင့် ဆန်းချက်ကို အပြီးသတ်ခေါ်ယူမယ့် အသင်းကို ရှာဖွေနေပြီး လတ်တလောမှာတော့ မေဂျာလိဂ် အသင်းတချို့နဲ့ ရိုးမားအသင်းတို့ဟာ ဆန်းချက် ကို ခေါ်ယူဖို့ လှုပ်ရှားနေကြပါတယ်။

 

Photo Credit: Sky Sports.com

Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ ရိုးမားအသင်းဟာ ဆန်းချက်ကို ခေါ်ယူဖို့ မန်ယူ အသင်းထံကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ် လို့ သိရပြီး အသက်အရွယ်ရလာတဲ့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး ဒီဇီကိုရဲ့ နေရာမှာ ဆန်းချက်ကို အစားထိုးလိုနေတာပါ။ ရိုးမားအသင်း ဟာ ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဒီဇီကို ၊ ကိုလာရော့ဗ် ၊ စမောလင်း ၊ မစ်ခီတာရန်း စတဲ့ ကစားသမားတွေကို အသင်းထံ ခေါ်ယူရာမှာ အသင်းနဲ့ လိုက်ဖက်မှုတွေ ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ ကစားခဲ့ဖူးတဲ့ ဆန်းချက်ကို ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ တော့ ရိုးမားအသင်းဟာ ဆန်းချက်အတွက် ပြောင်းရွှေ့ကြေး ယူရို၂၀သန်းဝန်းကျင် ပေးချေရဖွယ် ရှိတယ်လို့ သိရှိရပါတယ်။