အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းဟာ ဘွန်ဒက်လီဂါအသင်း တသင်း ဖြစ်တဲ့ မိုချန်ဂလာဘက်အသင်းရဲ့ ကွင်းလယ်လူ ဇာကာရီယာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဇာကာရီယာဟာ ဂလာဘက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုခြင်း မရှိပါက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ရမယ့် ကစားသမား တဦးပါ။

Photo Credit: Standard

ဇာကာရီယာဟာ ကွင်းလယ်ခံစစ်နေရာမှာ ကစားတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ တိုက်စစ်လိုက်ပါမှု စွမ်းရည်က အတော်လေးကို ကောင်းမွန်သလို ကြံ့ခိုင်မှုလည်း ကောင်းမွန်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ရိုးမားအသင်း ကတော့ ဇာကာရီယာကို ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အီတလီ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ကိုယ်တိုင်က ဇာကာရီယာကို ခေါ်ယူမယ့် အစီအစဉ်ကို ကြီးကြပ်နေပြီး ဇာကာရီယာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Photo Credit: Standard

ဇာကာရီယာ ကိုယ်တိုင်ကလည်း မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားခွင့် ရဖို့ စိတ်ဝင်စားနေပြီး ဂလာဘက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ဖို့ ဆုံးဖြတ်ထားကာ ရိုးမားအသင်းနဲ့ မကြာခင်မှာပဲ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေကို စတင် ပြုလုပ်ဖွယ် ရှိပါတယ်။