နာမည်ကျော် နည်းပြတဦး ဖြစ်သူ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ အီတလီ စီးရီးအေကလပ် ရိုးမားက ခရစ္စတယ် ပဲလေ့စ်ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား ဇာဟာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရိုးမားက လာမယ့် ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာအောင် ယခု နွေဈေးကွက် အတွင်းမှာပဲ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ရိုးမားက မော်ရင်ဟို ကိုင်တွယ်နေတဲ့ အသင်း ဖြစ်တာကြောင့် ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းမှာ ကျစ်လျစ်မှုတွေ ရှိနေပေမယ့် တိုက်စစ်ပိုင်းမှာတော့ တန်ပြန်တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်မယ့် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမားမျိုး ရှိမနေပဲ မော်ရင်ဟိုက အဆိုပါ ကွက်လပ်ကို ဖာထေးနိုင်ဖို့ ခရစ္စတယ် ပဲလေ့စ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဇာဟာကို ခေါ်ယူချင်နေတာပါ။

အသက် ၂၉နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဇာဟာက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ခရစ္စတယ် ပဲလေ့စ်ရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပေမယ့် ပဲလေ့စ်ရဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း မရှိမှု အပေါ် စိတ်ပျက်နေတာကြောင့် မော်ရင်ဟိုနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုးမားရဲ့ တာဝန်ရှိသူတွေက ဇာဟာကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ရိုးမားနည်းပြ မော်ရင်ဟိုက ဇာဟာရဲ့ ခြေစွမ်းကို အထူးတလည် သဘောကျနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း ရိုးမားဟာ ဇာဟာကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပေမယ့် ရိုးမားနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ရဲ့ ကြားမှာတော့ ဇာဟာရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ မရှိသေးကြောင်း ဖော်ပြထားပါတယ်။