အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒီဘာလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ယခုတခါမှာလည်း တိုရီနိုနဲ့ လမ်းခွဲထားတဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘယ်လော့တီကို အလွတ်နဲ့ ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘယ်လော့တီက ယခု နွေဈေးကွက် အတွင်းမှာ ၇နှစ်ကြာအောင် ကစားခဲ့တဲ့ တိုရီနိုနဲ့ လမ်းခွဲခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီး ရှိနေပါတယ်။

Photo Credit: Gazetta

ဘယ်လော့တီက အမြင့်ဘောတွေကို အပိုင် အသုံးချနိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး ဖြစ်သလို ပင်နယ်တီတွေ ကန်သွင်းရာမှာလည်း ထူးချွန်တာကြောင့် အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ ရိုးမားနည်းပြ မော်ရင်ဟိုက အသင်းရဲ့ တဦးထဲသော အထောင်တိုက်စစ်မှူး အေဗရာဟမ်ရဲ့ အရန်နေရာအတွက် ဘယ်လော့တီကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန ဂေဇက်တာရဲ့ ဖော်ပြချက်အရ ရိုးမားရဲ့ တာဝန်ရှိသူတွေက နည်းပြမော်ရင်ဟိုရဲ့ တောင်းဆိုချက်အရ ဘယ်လော့တီကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဘယ်လော့တီကလည်း ရိုးမားထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့် ရိုးမားက ဘယ်လော့တီကို ခေါ်ယူနိုင်ဖို့ အသင်းရဲ့ အခြား တိုက်စစ်မှူးတွေ ဖြစ်တဲ့ အယ်ရှာရာဝီလ် ၊ ရှိုမာရိုဒေါ့ဗ်တို့ကို အရင်ဆုံး ရောင်းချရဦးမယ်လို့ သိရပါတယ်။

Photo Credit: Gazetta

ရိုးမားနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Roma Pressကလည်း ရိုးမားဟာ ဘယ်လော့တီကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပေမယ့် ရိုးမားက လက်ရှိမှာ ပီအက်စ်ဂျီ ကွင်းလယ်လူ ဝစ်နယ်ဒန်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ အဓိက ပစ်မှတ်ထား ကြိုးပမ်းနေပြီး ဝစ်နယ်ဒန်ရဲ့ အပြောင်းအရွှေ့ ပြီးပြတ်မှသာ ဘယ်လော့တီကို ခေါ်ယူဖို့ ကြိုးပမ်းနိုင်ကြောင်း ဆိုထားပါတယ်။