နာမည်ကျော် ပေါ်တူဂီ နည်းပြကြီး ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပရဲ့ စတုတ္ထမြောက် တိုက်စစ်အကောင်းဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေကြောင်း သိရပါတယ်။

မော်ဒန်ဘောလုံးလောကရဲ့ တဦးထဲသော ခံစစ်ဦးစားပေး နည်းပြအဖြစ် ရေပန်းစားတဲ့ မော်ရင်ဟိုဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့အသင်းကို စီးရီးအေရဲ့ ကြောက်စရာ အကောင်းဆုံး အသင်းတွေထဲက တသင်း အဖြစ် ပုံသွင်းထားနိုင်ပြီး အသင်းခေါင်းဆောင် ပယ်လီဂရီနီ ၊ တိုက်စစ်မှူးသစ် အေဗရာဟမ်တို့ရဲ့ ခြေစွမ်းတွေက ရိုးမားအသင်း အတွက် အဓိကကျနေပါတယ်။

Photo Credit: Football Italia

ရိုးမားအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေ ၅ပွဲ ၊ ယူရိုပါ ကွန်းဖရန့်လိဂ် ၃ပွဲ စုစုပေါင်း ပြိုင်ပွဲစုံမှာ ၈ပွဲ ကစားထားရာ သွင်းဂိုး ၂၂ဂိုး အထိ ရယူထားနိုင်ခဲ့ပြီး ပေးဂိုးကတော့ ၇ဂိုးသာ ပေးထားရပါတယ်။

ဒါကြောင့်ပဲ ရိုးမားအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် (၃၈ဂိုး) ၊ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန် (၂၂ဂိုး) ၊ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး (၂၂ဂိုး)တို့ရဲ့နောက် ဥရောပရဲ့ စတုတ္ထမြောက် တိုက်စစ် အကောင်းဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေပါတယ်။

Photo Credit: Football Italia

ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအသင်း အတွက် ခြေစွမ်းအပြနိုင်ဆုံး ကစားသမား ကတော့ အသင်းခေါင်းဆောင် ပယ်လီဂရီနီ ဖြစ်ပြီး ပယ်လီဂရီနီဟာ အသင်းအတွက် စုစုပေါင်း ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ရိုးမားအသင်းဟာ လက်ရှိမှာတော့ စီးရီးအေပြိုင်ပွဲရဲ့ အဆင့်၄နေရာမှာ ရမှတ် ၁၂မှတ်နဲ့ ရပ်တည်နေပြီး အဆင့်၁နေရာမှာ ရှိနေတဲ့ နာပိုလီအသင်းနဲ့ ရမှတ် ၃မှတ်သာ ကွာဟတာကြောင့် မော်ရင်ဟို ဦးဆောင်နေတဲ့ ရောမသားတို့ ရာသီအကုန်မှာ စီးရီးအေချန်ပီယံ အဖြစ် ပန်းဝင်နိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့် အားပေးသွားရမှာပါ။