ရိုးမားအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ သူတို့ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်ရယူသွားနိုင်ပြီး သူတို့အသင်းကိုပဲ ကမ္ဘာ့ဖလားအတွက် ရေပန်းစားအဆုံးအသင်းလို့ ထင်မှတ်ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။

Photo Credit : Marca

မက်ဆီ စကာလိုနီတို့ရဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကချန်ပီယံ CONMEBOL–UEFA Cup of Champions(Finalissima)ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားခဲ့သလို (၃၅)ပွဲဆက် ရှုံးပွဲမရှိအောင်လည်း ကစားထားနိုင်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် အဘူဒါဘီမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ယူအေအီးအသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် အာဂျင်တီးနားအသင်းကို ၁၉၈၆ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားချန်ပီယံ ပြန်ဖြစ်လာဖို့ ရေပန်းစားနေရတာဖြစ်ပြီး မက်ဆီရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားလည်း ဖြစ်လာနိုင်တာကြောင့် မက်ဆီအပါအဝင် အသင်းသားတွေအားလုံးက အခုနှစ် ကမ္ဘာ့ဖလားအတွက် ပိုမိုအားထုတ်လာဖွယ် ရှိနေပါတယ်။

Photo Credit : Marca

သူတို့ အာဂျင်တီးနားအသင်းရဲ့ ၂၀၂၂ကမ္ဘာ့ဖလား အလားအလာတွေနဲ့ ပတ်သတ်ပြီး ဒီဘားလားက “ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းအားလုံးမှာ အခွင့်အရေးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းကလည်း တူညီတဲ့ မေးခွန်းကို လူ(၁၀)ယောက်ဆီ မေးခဲ့မယ်ဆိုရင် ဘယ်သူကမှ ခရိုအေးရှားကို ဖြေမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အံ့အားသင့်စရာတွေ ရှိကောင်းရှိနိုင်သလို တကယ့်ကောင်းတွေ အသင်းတွေလည်း ရှိနေပါတယ်။ အာဂျင်တီးနား ဂျာမနီ ပြင်သစ်တို့မှာ မယုံနိုင်လောက်စရာ ကစားသမားတွေ ရှိနေသလို ဘရာဇီးလ်လည်း ဒီလိုပါပဲ။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ခင်ဗျား ဘယ်တော့မှ မသိနိုင်ဘူး။ ခန့်မှန်းချက်အားလုံးကို ဖျက်ဆီးပစ်တတ်တဲ့ အံ့အားသင့်စရာတွေက အမြဲ ရှိနေတတ်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် (၃၄)ပွဲအထိ ပါဝင်ကစားခဲ့ဖူးတဲ့ ဒီဘားလားဟာ မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပေမယ့်လည်း အာဂျင်တီးနားရဲ့ 2022 World Cup ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး သူ့အတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။