MySport Myanmar

ချာလိုဘာကို ဘိုင်ယန်မြူးနစ်နဲ့ အပြိုင် ကမ်းလှမ်းသွားမယ့် ရိုးမား

ရိုးမားအသင်းဟာ လာမယ့် ဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးကနေ ထွက်ခွာဖွယ် ရှိနိုင်တဲ့ နောက်ခံကစားသမား ချာလိုဘာကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် နောက်ခံကစားသမား ချာလိုဘာဟာ လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲဖို့ ရှိလာနိုင်တာကြောင့် ဒီကစားသမားကို ကလပ်အသင်းများစွာက ပစ်မှတ်ထားလာခဲ့ရာ ဘိုင်ယန် နဲ့ ရိုးမားတို့ပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီကို အသက် (၈)နှစ်သား အရွယ်ကတည်းက ရောက်ရှိနေခဲ့တဲ့ ချာလိုဘာက ချယ်လ်ဆီး စီနီယာအသင်းအတွက် မကစားပေးရခင်မှာ အစ်ဝစ်ချ် ဟတ်စ်ဒါဖီး နဲ့ လော်ရီးယန့်တို့မှာ အငှားနဲ့ ကျင်လည်ခဲ့ရရင်း ၂၀၂၁-၂၂ ဘောလုံးရာသီမှပဲ ချယ်လ်ဆီးအတွက် စတင် ကစားပေးရပါတယ်။

အဲ့ဒီအချိန်တုန်းက ချယ်လ်ဆီးကို သောမတ်စ် တူဟယ်လ် ကိုင်တွယ်နေချိန်ဖြစ်ပြီး တူဟယ်လ်ရဲ့ နေရာပေးမှုတွေကြောင့် ချာလိုဘာက ချယ်လ်ဆီးမှာ ပွဲကစားခွင့်တွေ အမြောက်အများ ရရှိလာခဲ့ရပါတယ်။

Photo Credit : The Pride of London

ဒါပေမယ့် ဒီနှစ် ဘောလုံးရာသီမှာတော့ ချာလိုဘာက ပေါင်ဒဏ်ရာကြောင့် ချယ်လ်ဆီးရဲ့ ပွဲစဉ်တွေကို တောက်လျှောက် လွဲချော်ထားရတဲ့အပြင် ဒဏ်ရာက ပြန်သက်သာရင်တောင် ကစားခွင့်ရဖို့ မသေချာတော့တာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းနဲ့ လမ်းခွဲဖွယ်သာ ရှိနေပါတယ်။

ဒီလို အခြေအနေမှာ တူဟယ်လ်က သူ့တပည့်ဟောင်း ချာလိုဘာကို ဘ်ိုင်ယန်မြူးနစ်အသင်းဆီ ခေါ်ဆောင်ချင်နေသလို ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကလည်း ချာလိုဘာကို ရိုးမားအသင်းဆီ ခေါ်ယူချင်လာခဲ့ပြီး အဲရစ် ဒိုင်ယာ နဲ့ ချာလိုဘာတို့ နှစ်ဦးလုံးကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Exit mobile version