စပီဇီယာအသင်းကို ကိုပါအီတလီယာပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းတာဝန်ရှိသူတွေနဲ့ရော အသင်းနည်းပြ ဖွန်ဆီကာနဲ့ပါ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာခဲ့ရတဲ့ ရိုးမားအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အီဒင်ဒီဇီကိုကတော့ လက်ရှိမှာ အသင်းဖော်တွေနဲ့မဟုတ်ပဲ တစ်ဦးတည်းသာ လေ့ကျင့်ခန်းဆင်းနေရတဲ့အပြင် သူရဲ့အနာဂတ်အခြေအနေတွေကလည်း မရေမရာ ဖြစ်လာခဲ့ရတာကြောင့် ဒီဇီကိုနေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အိုလီဗာဂျရူးကို စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၄)နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဇီကိုဟာ ရိုးမားအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ သူနဲ့ အသင်းကြားက ဆက်ဆံရေးတွေဟာ မပြေမလည်လို့နေပြီး အသင်းဘက်ကနေ သူ့ကို တစ်ဦးတည်းသာ သီးသန့်လေ့ကျင့်ခန်းဆင်းထားလို့ ဒီဇီကိုရဲ့အနာဂတ်က ပိုမိုဝေဝါးလာခဲ့ရပါတယ်။ လတ်တလော ထွက်ပေါ်လို့နေတဲ့ သတင်းတွေမှာဆိုရင်လည်း ရိုးမားအသင်းဘက်ကနေ အခုဆောင်းစျေးကွက်အတွင်းမှာပဲ ဒီဇီကို ကို အသင်းကနေ ရောင်းထုတ်သွားဖို့အထိပါ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဒီလို အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီဇီကိုရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် တိုက်စစ်မှူးတစ်ယောက်ကို ရိုးမားအသင်းဘက်ကနေ ရှာဖွေလျက်ရှိနေရာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရူးကို မျက်စိကျလာခဲ့ပါတယ်။ ဒီဇီကိုလိုပဲ အသက်(၃၄)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဂျရူးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကလည်း အစီအစဉ် မရှိတော့သလို ဖြစ်နေတဲ့အတွက် သူ့ကို ရိုးမားဘက်ကနေ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ရိုးမားဘက်က ဂျရူးကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူချင်နေတာဖြစ်ပြီး အငှားစာချုပ် ကုန်ဆုံးချိန်မှာ ဂျရူးကလည်း ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ တစ်ခါတည်း အရခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဂျရူးက ချယ်လ်ဆီးအသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေအတွင်း ပွဲထွက်ကစားခွင့်တွေ ပြန်လည်ရရှိနေပြီး အသင်းမှာပဲ ပျော်ရွှင်နေတာကြောင့် ရိုးမားဘက်က သူ့ကို ခေါ်ယူဖို့ ခက်ခဲနိုင်ဖွယ် ရှိနေတာကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ အသင်းသားဟောင်း အယ်ရှာရာဝီကိုပဲ ခေါ်ယူရဖွယ် ရှိနေပါတယ်။