MySport Myanmar

ဘောလုံး ပြန်ကစားသွားဖို့ စဉ်းစားနေကြောင်း ရိုးမား ဂန္တဝင်ကြီး တော့တီ ဖွင့်ဟလာ

ဘောလုံးသမားဘဝကနေ အနားယူသွားတာ ကြာပြီဖြစ်တဲ့ ရိုးမားအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး ဖရန်ချက်စကို တော့တီဟာ လက်ရှိမှာတော့ အနားယူထားရာကနေ ဘောလုံးပြန်ကစားဖို့ စဉ်းစားနေကြောင်းနဲ့ သူ့ကိုလည်း စီးရီးအေ ကလပ်အသင်းများစွာကလည်း ချိတ်ဆက်မှု ပြုလုပ်ထားကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၄၈)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမားဟောင်းကြီး တော့တီဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို (၂၅)နှစ်တာအထိ ကျင်လည်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာတော့ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူမှုကို လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : The Sun

စီနီယာ ကစားသမားဘဝ တစ်လျှောက်လုံး ရိုးမားအသင်း တစ်သင်းတည်းမှာသာ အသုံးတော်ခံ ကစားသွားခဲ့တဲ့ တော့တီက ရိုးမားနဲ့ စီးရီးအေဖလား ကိုပါအီတလီယာဖလား အီတလီစူပါဖလားတို့လို ပြည်တွင်းဖလားတွေသာ ပိုင်ဆိုင်ခဲ့ရပြီး နာမည်ကြီး တစ်ဦးချင်းဆုတွေနဲ့လည်း လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် အီတလီနဲ့တော့ ၂၀၀၆ ကမ္ဘာ့ဖလားကြီးကို ပိုင်ဆိုင်ထားခဲ့ရပါတယ်။

ဘောလုံးသမားဘဝနဲ့ (၇)နှစ်တာလောက်အထိ ဝေးကွာနေရတဲ့ တော့တီဟာ မကြာသေးခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ကို စီးရီးအေကလပ်တွေကနေ ချိတ်ဆက်ထားတယ်ဆိုတာကို ပြောဆိုလာခဲ့ပါတယ်။ “စီးရီးအေ ကလပ်အသင်းတချို့က ကျွန်တော့်ကို ဆက်သွယ်ထားခဲ့ပါတယ်။ သူတို့ ဆက်သွယ်လာမှုတွေက ကျွန်တော့်ကို နည်းနည်း ရူးသွပ်စေတယ်ဆိုတာ ဝန်ခံပါတယ်။”

Photo Credit : The Sun

“ဒါဟာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘဝမှာ ဘယ်အရာကိုမှ ပြောလို့မရပါဘူး။ ကစားသမားဘဝကနေ အနားယူပြီးနောက် ဘောလုံး အကြာကြီး ပြန်ကစားဖြစ်တဲ့ ကစားသမားကြီးတွေလည်း ရှိခဲ့ဖူးပါတယ်။ အဲ့ဒါက သင်ကစားရမယ့် နေရာအပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်အနေနဲ့ စီးရီးအေကို ပြန်လာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် တကယ်ကို ကောင်းကောင်း လေ့ကျင့်သွားမှာပါ။” လို့ တော့တီက ပြောဆိုလာခဲ့ပါတယ်။

တော့တီဟာ ၁၉၉၂ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ စီးရီးအေပွဲပေါင်း (၆၁၉)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုး စုစုပေါင်း ဂိုး(၂၅၀)အထိလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ရိုးမားအသင်းရဲ့ သစ္စာတော်ခံ ကစားသမားကြီးဖြစ်လို့ ရိုးမားရဲ့ ရောမဒါဘီပြိုင်ဘက် လာဇီယိုကိုတော့ ဘယ်တော့မှ စဉ်းစားမှာတောင် မဟုတ်ဘူးလို့ တော့တီက ဆိုထားခဲ့ပါတယ်။

Exit mobile version