ရိုးမားအသင်းဟာ နာမည်ကျော် နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ချိန်ကနေ စတင်ပြီး အသင်းရဲ့ ဝင်ငွေတွေဟာ အလွန်ကောင်းမွန်လာခဲ့ရတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ Corriere dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၆၀)အရွယ်ရှိ ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုဟာ စပါးအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက် လအနည်းငယ်အကြာ ၂၀၂၁ခုနှစ်မှာပဲ ရိုးမားအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရပါတယ်။
Photo Credit : talkSPORT
မော်ရင်ဟိုက သူရဲ့ ရိုးမားနည်းပြဘဝ ပွဲဦးထွက် ရာသီမှာပဲ အသင်းကို ကွန်းဖရန့်စ်လိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သလို ဒုတိယမြောက် ရာသီမှာလည်း ယူရိုပါလိဂ် ဖိုင်နယ်အထိ ရောက်ရှိအောင်ပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
မော်ရင်ဟိုက ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် နဲ့ မန်ယူနိုက်တက်တို့လို အသင်းတွေမှာ ဖလားတွေ ရယူပြီး အလွန် အောင်မြင်ခဲ့တဲ့ နည်းပြဖြစ်တာကြောင့် ဒီလို နည်းပြမျိုး ခန့်အပ်ခဲ့တဲ့ ရိုးမားအသင်းဟာလည်း ပရိသတ်တွေ ပိုမို တိုးပွားလာခဲ့ပြီး ဝင်ငွေတွေပါ အလွန်ကောင်းလာခဲ့ရပါတယ်။
Photo Credit : Get Spanish Football News
ရိုးမားအသင်းက မော်ရင်ဟိုကို (၃)နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ ရိုးမားပရိသတ်များစွာက နာမည်ကျော် နည်းပြကြီး မော်ရင်ဟိုကို လာရောက် အားပေးဖို့အတွက် ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုတဲ့ အရေအတွက်တွေ ပိုမို တိုးလာခဲ့ရပါတယ်။
မော်ရင်ဟို ရိုးမားအသင်းကို ကိုင်တွယ်ပြီးနောက် ရိုးမားရဲ့ လက်မှတ် ရောင်းချရမှုမှ ယူရို သန်း(၇၀)အထိ ဝင်ငွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက တတိယမြောက် ရာသီမှာ ရုန်းကန်ရတက်တဲ့ သူရဲ့ ထုံးစံအတိုင်း လက်ရှိ ဘောလုံးရာသီမှာတော့ အဆင့် (၇)နေရာ ရပ်တည်နေပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့လည်း (၁၁)မှတ်အထိတောင် ကွာဟနေရပါတယ်။