MySport Myanmar

ပေါ်လိုဒီဘားလားကို ခေါ်ယူဖို့အတွက် ဦးစားပေး လုပ်ဆောင်နေတဲ့ ရိုးမားအသင်း

ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ လမ်းခွဲလိုက်ကတည်းက လက်ရှိအချိန်ထိ ကလပ်အသင်းသစ် တစ်သင်းကို မရှာဖွေနိုင်သေးတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို စီးရီးအေထိပ်သီးကပ် ရိုးမားအသင်းက ခေါ်ယူသွားဖို့အတွက် ဦးစားပေး လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sempre inter

အသက်(၂၈)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းနဲ့ (၇)နှစ်အထိ ဖြတ်သန်းပြီးနောက်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာလည်း လာမယ့်ရာသီမှာ ပါဝင်ကစားဖို့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီဘားလားလို တိုက်စစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကို ကလပ်အသင်းများစွာက လိုချင်နေကြပြီး ဒီအသင်းတွေထဲမှာ စီးရီးအေကလပ် ရိုးမားအသင်းလည်း ပါဝင်နေပါတယ်။

Photo Credit : BeSoccer

အီတလီစီးရီးအေပြိုင်ပွဲမှာ ဆယ်စုနှစ်တစ်ခုထိ ပါဝင်ကစားထားနိုင်ခဲ့တဲ့ ဒီဘားလားကို ရိုးမားက အသင်းရဲ့ အဓိက ဦးစားပေး ပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်လို့ထားသလို ဒီဘားလားရဲ့ အေးဂျင့်ဆီကိုလည်း ဆက်သွယ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ ဒီဘားလားအနေနဲ့ကတော့ ကနဦးပိုင်းမှာ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း အင်တာက ကစားသမားဟောင်း လူကာကူကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ခဲ့သလို လော်တာရိုမာတီနက်ဇ်ကိုလည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားတာကြောင့် အင်တာနဲ့ ဒီဘားလားတို့ အပြောင်းအရွှေ့က ရပ်တန့်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီဘားလားလို top quality ကစားသမားမျိုးကို ကလပ်အသင်းများစွာက အလိုရှိနေပြီး ဒီဘားလားနဲ့ အပြောင်းအရွှေ့သတင်းတွေ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း ဒီဘားလားကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လက်လွတ်ရဖို့ ရှိနေတဲ့ ယူနိုက်တက်က ရော်နယ်လ်ဒိုနေရာမှာ ဒီးဘားလားနဲ့ အစားထိုးချင်လာခဲ့သလို ယူနိုက်တက်နည်းပြဟောင်း ဂျိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းကပါ ဒီဘားလားကို အဓိကပစ်မှတ်ထားနေပါတယ်။ ဒီဘားလားကိုယ်တိုင်က သူ့အတွက် အသင်းသစ်ကို ရွေးချယ်ရခြင်း မရှိသေးပဲ လက်ရှိအခြေအနေတွေအရ ရိုးမားထက် ယူနိုက်တက်ကို ရွေးချယ်ဖို့က ပိုမို ဖြစ်နိုင်ခြေများနေပါတယ်။

Exit mobile version