MySport Myanmar

ဟာလန်းက မက်ဆီ ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းလာနိုင်တယ်လို့ တော့တီ သုံးသပ်

မန်ချက်စတာစီးတီးအသင်းနဲ့ နော်ဝေလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းက သူရဲ့လတ်တလော ခြေစွမ်းကောင်းတွေအတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ထက်ပင် ပိုကောင်းလာနိုင်တယ်လို့ ရိုးမားဂန္တဝင် ကစားသမားကြီး ဖရန်ဆစ်စကိုတော့တီက သုံးသပ် ပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

အသက်(၂၂)နှစ်အရွယ်ရှိ နော်ဝေတိုက်စစ်မှူး ဟာလန်းက ဒီနှစ်နွေမှာပဲ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားပြီးချိန် (၂၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း (၁၃)ပွဲ ကစားထားပြီးနောက် လိဂ်ဂိုး (၁၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းက သူရဲ့ လက်ရှိ form အရ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုအတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေရသလို အခု ခြေစွမ်းအတိုင်း ဆက်သွားမယ်ဆိုရင် ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ မက်ဆီ ရော်နယ်လ်ဒိုတို့ထက်ပါ ပိုကောင်းလာနိုင်တယ်လို့ တော့တီက မှတ်ချက်ပြုလိုက်ပါတယ်။

Photo Credit : The Real Champs

ဟာလန်းနဲ့ ပတ်သတ်ပြီး တော့တီက “သူက အရမ်းတော်တယ်။ သူ့ပုံက သိပ်ငယ်ပုံ မရဘူး။ သူက ဒေါ့မွန်အသင်းမှာ မြင့်မားတဲ့အဆင့်မျိုးနဲ့ ကစားနေခဲ့တာ အခု မန်ချက်စတာစီးတီးမှာလည်းအကောင်းဆုံး ကစားနေနိုင်ပါတယ်။ ဒါကြောင့် သူက အခွင့်အရေးအားလုံး ပြောင်းလဲနိုင်စွမ်းရှိလို့ မယုံနိုင်စရာ ဖြစ်နေပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ သူက မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းလာမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ အခုလည်း သူရဲ့ ကိန်းဂဏန်းတွေက ရူးလောက်ချင်စရာပါ” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။ ဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်အသင်းတွေအပြင် နော်ဝေလက်ရွေးစင်အသင်းမှာပါ အတော်လေး ခြေစွမ်းပြထားနိုင်ခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာပဲ မန်စီးတီးလို လက်ရှိ ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းကြီးဆီ ရောက်ရှိလာခဲ့တာကြောင့် အသင်းလိုက် ဆုဖလားတွေအတွက်ရော တစ်ဦးချင်း ဆုတံဆိပ်တွေအတွက်ပါ မျှော်မှန်းနိုင်တဲ့ အခြေအနေမျိုး ရောက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာလန်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲခွင့် မရှိတဲ့အတွက် အနားယူနေလျက် ရှိနေပြီး ဒီဇင်ဘာလဆန်းလောက်မှသာ မန်စီးတီးနဲ့ ပြန်လည် ပူးပေါင်းဖွယ်လည်း ရှိနေပါတယ်။

Exit mobile version