MySport Myanmar

အင်္ဂလန် လူစာရင်းကနေ ချန်လှပ်ထားခံရလို့ စိတ်ပျက်မိတယ်လို့ စမောလင်း ဝန်ခံ

ဒီနှစ်ဘောလုံးရာသီမှာ အီတလီစီးရီးအေကလပ် ရိုးမားအသင်းအတွက် ခြေစွမ်းပြလျက် ရှိနေတဲ့ ခံစစ်ကစားသမား ခရစ္စစမောလင်းက သူ့ကို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်း ရွေးချယ်ခြင်းမရှိပဲ လစ်လျူရှုနေခဲ့တဲ့အပေါ် စိတ်ပျက်နေမိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွယ်ရှိ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်း စမောလင်းဟာ ယူနိုက်တက်ကနေ ရိုးမားကို ပြောင်းသွားခဲ့ပြီးနောက်ပိုင်း စီးရီးအေမှာ ပုံစံကောင်းတစ်ခု ပြသနေပေမယ့် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က စမောလင်းကို အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ရွေးချယ်ခြင်းမရှိပဲ အခုထိကို ဆက်လက် ချန်လှပ်ထားခဲ့ပါတယ်။ စမောလင်းဟာ လက်ရွေးစင်အသင်းအတွက် ၂၀၁၁ခုနှစ်ကနေ စတင်ပြီး ပါဝင်ကစားပေးခဲ့ရတာ ဖြစ်ပေမယ့်လည်း ၂၀၁၇ခုနှစ်အထိသာ အသင်းမှာ ပါဝင်ခဲ့ရတာဖြစ်ကာ အဲ့ဒီနောက်ပိုင်းကတည်းက လက်ရွေးစင်မှာ ရွေးချယ်မခံရတော့တာ ဖြစ်ပါတယ်။

Photo Credit : Forbes

ဒီလို ချန်လှပ်ခံရတာနဲ့ ပတ်သတ်ပြီး စမောလင်းက “လက်ရွေးစင်အသင်းအတွက် ကစားသမား ရွေးချယ်မှုတွေ ထွက်ပေါ်လာတဲ့အခါတိုင်း ကျွန်တော် စိတ်ပျက်မိပါတယ်။ ကျွန်တော်လည်း ရွေးချယ်ခံရတဲ့ ကစားသမားတွေထဲမှာ ရှိနေချင်ပါတယ်။ အခု လက်ရှိမှာ ကျွန်တော် လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရသေးတာကြောင့် အင်္ဂလန်ဂျာစီနဲ့ ကစားရတာက ကျွန်တော့်အတွက် ဘယ်လောက်တောင် ကောင်းမွန်သလဲဆိုတာကို ပိုနားလည်လာခဲ့တယ်။ ရိုးမားအသင်းနဲ့ ပတ်သတ်ပြီးတော့ အခြေအနေတွေက ကောင်းနေပြီးတော့ ဆုဖလားတွေ များများ ရရှိနိုင်ဖို့ကိုလည်း မျှော်လင့်ထားပေမယ့် နိုင်ငံအသင်းနဲ့ ပတ်သတ်ပြီးတော့ကတော့ ကွက်လပ်တစ်ခုလို ဖြစ်နေရပါသေးတယ်။ ဒီအတွက်ကြောင့် နည်းပြအပေါ်မှာလည်း ဘာ အာဃတမှ ရှိမနေပါဘူး။ ကျွန်တော် မပါဝင်ရတဲ့ အင်္ဂလန်အသင်းကို ကြည့်ရတဲ့အခါမှာ စိတ်ပျက်မှုတွေ ရှိခဲ့ရပေမယ့်လည်း အခု ကျွန်တော် လုပ်နိုင်တာက လက်ရှိအချိန်မှာ အာရုံစိုက် လုပ်ဆောင်နေဖို့နဲ့ အခွင့်အရေးတွေ ရလာဖို့အတွက် ကြိုးစားနေဖို့ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version