အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်လို့ထားတဲ့ နာမည်ကျော် အီတလီစီးရီးအေကလပ် ရိုးမားအသင်းကတော့ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဥရောပ အတွေ့အကြုံရင့် ဝါရင့်စပိန် တောင်ပံကစားသမားကြီး ပတ်ဒရိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ကာ (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကိုလည်း ချုပ်ဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Forza Italian Football

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တောင်ပံတိုက်စစ်ကစားသမား ပတ်ဒရိုဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အသင်းဘက်ကနေလည်း သူ့ကို ဆက်လက်သက်တမ်းတိုးဖို့ လုပ်ဆောင်လာခြင်းမရှိတဲ့အတွက် အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်ရတာဖြစ်သလို သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ ရိုးမားအသင်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ရိုးမားအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာနဲ့ပတ်သက်ပြီး ပတ်ဒရိုက “ကျွန်တော် ရိုးမားကို ရောက်ရှိလာခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်နေရပါတယ်”

Photo Credit : Web24 News

“စိန်ခေါ်မှုအသစ်တွေအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ နောက်ပြီး ရိုးမားအသင်းရဲ့လာမယ့်ရာသီတွေမှာ ပစ်မှတ်ထားလာမယ့် အောင်မြင်မှုတွေကိုလည်း ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ကို ကြိုဆိုနေကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်စကားဆိုချင်ပါတယ်။ ကျွန်တော်က သူတို့တွေအားလုံး ပျော်ရွှင်ရအောင် လုပ်နိုင်လိမ့်မယ်လို့လည်း ထင်မိပါတယ်” လို့ မိတ်ဆက်ပွဲမှာ ပြောဆိုလာခဲ့ပါတယ်။ လာမာစီယာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ပတ်ဒရိုဟာ ဘာစီလိုနာအသင်းကနေ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ်မှာပဲ ဘာစီလိုနာကနေ ချယ်လ်ဆီးအသင်းဆီကို ယူရို(၂၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပတ်ဒရိုဟာ သူရဲ့ကစားသမားဘဝမှာ မရယူဖူးတဲ့ ဆုဖလားရယ်လို့ မရှိလောက်အောင် အလွန်အောင်မြင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား လာလီဂါဖလား ကိုပါဒယ်ရေးဖလား ဥရောပစူပါဖလား စပိန်စူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလား ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါတွေတင်မကသေးပဲနဲ့ ပတ်ဒရိုဟာ စပိန်လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားတွေကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။