အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဂရာနစ် ချာကာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေနဲ့ ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ရိုးမားအသင်းဟာ နာမည်ကြီး ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်အပြီးမှာ အသင်းကို သွေးသစ်လောင်းဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး လက်ရှိမှာတော့ ချာကာကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေကာ ချာကာဟာလည်း မော်ရင်ဟိုရဲ့ ရိုးမားနည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာဖို့ ရှိနေပါတယ်။

Photo Credit: The Sun

အသက် ၂၈နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ချာကာဟာ ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ် ၊ ဘယ်ခြမ်းခံစစ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်တဲ့ ကစားသမားတဦး ဖြစ်ပြီး သူ့ရဲ့ နိုင်လိုစိတ် ပြင်းပျမှု ၊ ကိုယ့်ရဲ့ အသင်းသားတွေကို ကာကွယ်ပေးနိုင်မှုတို့ဟာ မော်ရင်ဟို နှစ်သက်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ ချာကာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ မော်ရင်ဟိုနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားချင်တာကြောင့် ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ကြောင်း နာမည်ကြီး အီတလီ သတင်းထောက်ဖြစ်သူ ဒီမာဇီယိုက ပြောကြားထားပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ ရိုးမားအသင်းဟာ ချာကာရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်အသင်းနဲ့ ညှိနှိုင်းမှုတွေ စတင်နေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ချာကာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၁.၅သန်းခန့် လိုချင်နေတာ ဖြစ်ပေမယ့် ရိုးမားအသင်းရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှုဟာ ပေါင် ၁၀သန်း ဝန်းကျင်သာ ဖြစ်ကြောင်း သိရပါတယ်။ ရိုးမားအသင်းနဲ့ နီးစပ်သူတွေ ကတော့ မော်ရင်ဟိုဟာ ချာကာကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် ရိုးမားအသင်းဟာ အာဆင်နယ်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်းနဲ့ ချာကာဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့ အလွန်အမင်း စိတ်ဆန္ဒပြင်းပျနေကြောင်း အီတလီ အခြေစိုက် အားကစား သတင်းဌာနတွေကို ပြောကြားထားပါတယ်။