အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ စွယ်စုံရ ကွင်းလယ်လူ တဦး ဖြစ်သူ မစ်လန် နိုင်းလ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပေါ်တူဂီလူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ပြီးနောက် စီးရီးအေပြိုင်ပွဲမှာ ပြန်လည် ကြီးစိုးနိုင်ဖို့ အစွမ်းကုန် ပြင်ဆင်နေတဲ့ ရိုးမားအသင်းဟာ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ညာနောက်ခံနေရာကို အားဖြည့်ဖို့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပါ။

Photo Credit: Metro

ရိုးမားအသင်းဟာ ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ တဦး ဖြစ်သူ ဒါးလော့ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းက ဒါးလော့ကို လက်လွှတ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ညာနောက်ခံ ၊ ဘယ်နောက်ခံနဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ မစ်လန် နိုင်းလ်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားလာပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် ကစားသမား မစ်လန် နိုင်းလ်ဟာ နေရာစုံမှာ ဆော့ကစားနိုင်တဲ့ စွယ်စုံရ ကစားသမား တဦး ဖြစ်ပြီး အာဆင်နယ်အသင်းက နိုင်းလ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် နိုင်းလ်ကတော့ ပွဲထွက်ခွင့် ရမယ့် ရိုးမားအသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ မစ်လန် နိုင်းလ်ကို ခေါ်ယူဖို့ အတွက် အာဆင်နယ်အသင်းထံ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး နိုင်းလ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက မစ်လန် နိုင်းလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် လိုချင်နေပေမယ့် ရိုးမားအသင်းဘက်က မစ်လန် နိုင်းလ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင်သာ ပေးချေချင်နေကြောင်းလည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။