အီတလီ စီးရီးအေရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ရိုးမားအသင်းဟာ အင်တာမီလန်အသင်း ၊ ချယ်လ်ဆီးအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တိုအသင်းတို့မှာ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်အပြီး ကစားသမားသစ် ခေါ်ယူမှု များစွာကို ပြုလုပ်ဖို့ ခပ်သွက်သွက် လှုပ်ရှားနေပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အီတလီ စီးရီးအေပြိုင်ပွဲမှာ အဆင့်၇သာ ရခဲ့တာကြောင့် နည်းပြ ဖွန်ဆီကာကို ထုတ်ပယ်ပြီး မော်ရင်ဟိုကို ခန့်အပ်ခဲ့တဲ့ ရိုးမားအသင်းဟာ အသင်းကို ယခင်ကလို အောင်မြင်မှုတွေ ရယူနိုင်တဲ့အသင်း ဖြစ်အောင် ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

မော်ရင်ဟို ရောက်လာမှုနဲ့အတူ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာတဲ့ ကစားသမားတွေ အများအပြား ရှိနေပြီး လက်ရှိမှာတော့ ရိုးမားအသင်းဟာ တိုရီနို တိုက်စစ်မှူး ဘယ်လော့တီ ၊ အာဆင်နယ် ကွင်းလယ်လူ ချာကာနဲ့ ဝုဗ်ဂိုးသမား ပက်ထရီစီယိုတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ရိုးမားအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဝါရင့် ဘော့စနီးယား တိုက်စစ်မှူး ဒီဇီကိုကိုသာ အားကိုးနေရတာကြောင့် မော်ရင်ဟိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေစဉ်ထဲက ခေါ်ယူချင်ခဲ့တဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘယ်လော့တီကို ရိုးမားအသင်းထံ ခေါ်ယူချင်နေတာ ဖြစ်ပြီး လက်ရှိမှာ ဘယ်လော့တီ အတွက် ရိုးမားအသင်းနဲ့ တိုရီနိုအသင်းတို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ယူရို ၃၀သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေပါတယ်။

Photo Credit: Standard

တဖက်မှာလည်း မော်ရင်ဟိုဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ချာကာရဲ့ ခေါင်းဆောင်မှုပိုင်းနဲ့ အရည်အသွေးကို သဘောကျတာကြောင့် ရိုးမားအသင်းထံ ပြောင်းလာဖို့ ချာကာကို သူကိုယ်တိုင် ဆက်သွယ်ခဲ့ပြီး ချာကာကလည်း မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့ ခေါင်းညိတ်ခဲ့ကာ ရိုးမားအသင်းနဲ့ အာဆင်နယ်အသင်းတို့ ကြားမှာ ချာကာအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရဖို့ ရှိနေပါတယ်။ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ရိုးမားအသင်းရဲ့ လှုပ်ရှားမှုတွေဟာ အဲ့ဒီလောက်နဲ့ မရပ်တန့်သေးပဲ ရိုးမားအသင်းဟာ ဝုဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ဖြစ်သူ ပက်ထရီစီယိုကို မကြာခင်မှာ ယူရို ၈သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ထို့အပြင် မော်ရင်ဟိုဟာ သူ့ရဲ့ တပည့်ဟောင်း မာတစ်ကိုလည်း ခေါ်ယူဖို့ မျက်စိကျနေကြောင်းလည်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါသေးတယ်။