မနေ့က ရိုးမားအသင်း နဲ့ မွန်ဇာအသင်းတို့ရဲ့ စီးရီးအေ ပွဲစဉ်အတွင်း ပွဲပြီးခါနီးမှာ ရိုးမားနည်းပြ မော်ရင်ဟိုက မွန်ဇာနည်းပြ ပယ်လာဒီနိုကို “စကားများလွန်းနေတယ် ပြီးရင် ငိုကြွေးရတော့မယ်” ဆိုတဲ့ အမှုအရာကို လက်ဟန်ခြေဟန်နဲ့ လုပ်ပြခဲ့ရင်း ကွင်းလယ်ဒိုင်က မော်ရင်ဟိုကို အနီကတ်ပြသသွားခဲ့ပါတယ်။

ရိုးမားအသင်းဟာ ပထမပိုင်း ပြီးခါနီးလောက်ကတည်းက တစ်ယောက်လျော့နေတဲ့ မွန်ဇာအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး မိနစ်(၉၀)မှ လူစားဝင် ကစားသမား အယ်ရှာရာဝီရဲ့ နောက်ကျ သွင်းဂိုးနဲ့ နိုင်ပွဲရသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Mirror

အယ်ရှာရဝီ သွင်းဂိုးရပြီး သိပ်မကြာခင်မှာပဲ နည်းပြ မော်ရင်ဟိုက လက်အမှုအရာတချို့ကို လုပ်ပြရင်းနဲ့ ကွင်းလယ်ဒိုင်က မော်ရင်ဟိုကို အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “ကျွန်တော် ကိုယ်ဟန် အမှုအရာတချို့ကိုပဲ လုပ်ပြခဲ့တာ။ ဘာ ရိုင်းရိုင်းစိုင်းစိုင်း စကားမှလည်း မပြောခဲ့ဘူး။”

“ဘာဖြစ်လို့ လုပ်ခဲ့တာလဲဆိုတော့ ပြီးခဲ့တဲ့ရာသီတုန်းက အရည်အသွေး ရှိသလောက် အတွေ့အကြုံမရှိတဲ့ သူတွေက ကျွန်တော်နဲ့ ပတ်သက်ပြီး အဆင်မပြေနိုင်စေမယ့် စကားတွေကို ပြောခဲ့လို့ပါပဲ။ ဒီနေ့မှာဆိုရင် မွန်ဇာက တစ်ယောက်ဟာ ကွင်းဘေးစည်းကနေ ဒိုင်ကို ဖိအားပေးဖို့ ကြိုးစားနေခဲ့ပါတယ်။”

Photo Credit : Daily Mail

“ကျွန်တော် ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ သူတို့အသင်းက အကောင်းဆုံး ကစားသွားခဲ့ပြီး ရှုံးပွဲနဲ့လည်း မထိုက်တန်ခဲ့ပါဘူး။ အနိုင် (၃)မှတ်အတွက် ဝမ်းသာမိတယ် ဆိုပေမယ့်လည်း ကျွန်တော်တ်ို့အသင်းက အမြဲတမ်းလိုလို ရုန်းကန်နေရတယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်တို့က နည်းစနစ်ပိုင်း အမှားအယွင်းတွေ လုပ်မိခဲ့သလို ကစားသမားတွေကလည်း ပွဲပန်းဒဏ်ကို ခံစားနေရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ရိုးမားနည်းပြ မော်ရင်ဟိုဟာ ရိုးမားနည်းပြဘဝမှာ မကြာခဏဆိုသလို အနီကတ်တွေ ပြသခံထားရပြီး မနှစ်က ဘောလုံးရာသီမှာလည်း ခရီမိုနီဆီ တိုရီနို အတ္တလန်တာတို့ပွဲတွေမှာ အနီကတ် ပြခံခဲ့ရသလို ဒိုင်တွေနဲ့လည်း ပြသာနာ ဖြစ်ပွားခဲ့ပါတယ်။