ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ အီတလီစီးရီးအေပြိုင်ပွဲရဲ့ ပွဲစဉ်(၃၄)ထဲက အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ ရိုးမားအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ပွဲကြီးပွဲကောင်းပွဲစဉ်မှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ (၂)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရိုးမားအသင်းမှာ ဂျက်ကို မစ်ခီတာရန် ပယ်လီဂရီနီ စပင်နယ်ဇိုလာ ဒီဝါရာ ပီရက်စ် ဗယ်ရီတူ ကိုလာရော့ မန်ချီနီ အီဘာနက်ဇ်နဲ့ လိုပက်ဇ်တို့ ပါဝင်လာခဲ့ကာ အင်တာမီလန်အသင်းကလည်း လူကာကူနဲ့ အဲရစ်ဆင်တို့ အရန်စာရင်းမှာပဲ ထားသုံးခဲ့ကာ ဆန်းချက်ဇ် မာတီနက်ဇ် ဘရိုဇိုဗစ် ယန်း ဂတ်လီယာဒီနီ ဘရယ်လာ ကန်ဒရီဗာ ဘက်စတိုနီ ဒီဗရိုင်း ရှကရီညာနဲ့ ဟန်ဒါနိုဗစ်တို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ (၂)သင်းလုံးက အခွင့်အရေးကောင်းတွေ များများစားစား မပိုင်ဆိုင်ခဲ့ပဲ ဧည့်သည်အင်တာက (၁၅)မိနစ်မှာ နောက်ခံလူဒီဗရိုင်းရဲ့ခေါင်းတိုက်ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့သလို အိမ်ရှင်ရိုးမားကလည်း ပထမပိုင်း ပြီးခါနီးမှာပဲ ဂျက်ကိုက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၅၇)မိနစ်အတွင်းမှာပဲ မစ်ခီတာရန်က အိမ်ရှင်ရိုးမားအတွက် ပြန်လည်ဦးဆောင်စေနိုင်မယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် အင်တာတို့ လူအပြောင်းအလဲတွေလုပ်လာခဲ့ရပြီး လူကာကူ မော့ဆက်စ် အဲရစ်ဆင်နဲ့ ဘီရာဂီတို့ကို ထည့်သွင်းလာခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာတော့ ရိုးမားကစားသမား စပင်နယ်ဇိုလာရဲ့အမှားကနေ အင်တာတို့ ပင်နယ်တီကန်ခွင့်ရသွားခဲ့ပြီး ပင်နယ်တီကိုတော့ လူကာကူကနေ သွင်းယူသွားခဲ့ကာ (၂)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။