အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ဆကာမက်ကာကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ အီတလီ နာမည်ကြီး သတင်းထောက် ရှခီရာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ရိုးမားက ဘယ်လော့တီ ၊ ဒိုင်ဘာလာ ၊ အေဗရာဟမ် စတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရိုးမားနည်းပြချုပ် မော်ရင်ဟိုက လာမယ့် ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံဘွဲ့ကို ရယူဖို့ ပစ်မှတ်ထားနေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဆက်လက် အားဖြည့်ဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football Italia

တဖက်မှာတော့ အသက် ၂၄နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဆကာမက်ကာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဆက်ဆူအိုလို ကနေ ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၆သန်းနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပေမယ့် ဝက်စ်ဟမ်းမှာတော့ ထင်ထားသလောက် အောင်မြင်မှုတွေ မရခဲ့ပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင် ဆကာမက်ကာက ဝက်စ်ဟမ်းနည်းပြချုပ် မိုရက်စ် ချမှတ်ထားတဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ဝက်စ်ဟမ်းက ဆကာမက်ကာကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မော်ရင်ဟိုရဲ့ ရိုးမားကလည်း အချိန်ကိုက်ပဲ ဆကာမက်ကာကို ခေါ်ယူဖို့ ဝက်စ်ဟမ်းထံ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit: Telegrafi

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရှခီရာရဲ့ ဖော်ပြချက်အရ ရိုးမားက ဆကာမက်ကာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားပြီး ဖြစ်သလို ယနေ့မနက်ပိုင်းမှာလည်း ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆကာမက်ကာရဲ့ အပြောင်းအရွှေ့ အတွက် ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ကာ မကြာခင်မှာပဲ ရိုးမားဟာ ဆကာမက်ကာကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

ရိုးမားက ဆကာမက်ကာကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ရိုးမားက အငှားကြေး + ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို ၂၇သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေကာ ဝက်စ်ဟမ်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရင် ဆကာမက်ကာကို မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ အချက်အလက်ကို ထည့်သွင်းချင်နေကြောင်း ရှခီရာက ဆိုပါတယ်။