အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်း ကတော့ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းရဲ့ ကွင်းလယ်လူ အိုလီဗီယာကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၂၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ အိုလီဗီယာဟာ ပေါ်တိုအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ဗဟိုကွင်းလယ်လူ အဖြစ် သာမက ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ်ပါ ကစားနိုင်စွမ်းရှိသူပါ။
Photo Credit: Mirror
အိုလီဗီယာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပေါ်တိုအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ ဂိုးသွင်းအားက ဗဟိုကွင်းလယ်လူ တဦး အတွက် အတော်လေးကို များပြားတဲ့ သွင်းဂိုးပမာဏပဲ ဖြစ်ပါတယ်။
အိုလီဗီယာရဲ့ ဂိုးသွင်းနိုင်စွမ်း မြင့်မားမှု စွမ်းရည်ကပဲ ရိုးမားနည်းပြ မော်ရင်ဟိုကို မျက်စိကျစေတဲ့ အချက်တခု ဖြစ်ပြီး မော်ရင်ဟိုဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ရဲ့ ထိပ်သီးပစ်မှတ် အဖြစ် အိုလီဗီယာကို သတ်မှတ်ခဲ့တယ်လို့ ရောမမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
Photo Credit: Mirror
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ အိုလီဗီယာ အတွက် ပေါ်တိုအသင်းထံ ရာသီဝက် အငှားကြေး ယူရို ၁သန်း ပေးချေရဖို့ ရှိနေသလို အကယ်၍ ရာသီကုန်မှာသာ အိုလီဗီယာကို အပြီးသတ် ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၁၃.၅သန်း ပေးချေရုံနဲ့ ခေါ်ယူနိုင်မယ်လို့ သိထားရပါတယ်။