MySport Myanmar

အိုလံပီယာကို့စ် ကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားတဲ့ ရိုးမား

အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အိုလံပီယာကို့စ် ကွင်းလယ်လူ မာဒီ ကာမာရာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ပေါ်တူဂီ ထိပ်သီးနည်းပြ မော်ရင်ဟို ဦးဆောင်နေတဲ့ ရိုးမားက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် မာတစ်နဲ့ ဝစ်နယ်ဒန်တို့ကို ခေါ်ယူထားပေမယ့် ဝစ်နယ်ဒန်ဟာ ခြေသလုံးရိုးကျိုးဒဏ်ရာ ရသွားတာကြောင့် နောက်ထပ် ကွင်းလယ်လူ တဦး အဖြစ် ကာမာရာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Roma Press

အသက် ၂၅နှစ် အရွယ် မာလီလက်ရွေးစင် ကွင်းလယ်လူ ကာမာရာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အိုလံပီယာကို့စ် အတွက် ပြိုင်ပွဲစုံ ၁၈၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မော်ရင်ဟိုက ကာမာရာကို ခေါ်ယူပေးဖို့ ရိုးမားဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး ရိုးမားရဲ့ တာဝန်ရှိသူတွေကလည်း ဘဏ္ဍာရေး အကြပ်အတည်း ရှိနေတဲ့ ကြားထဲကနေ ကာမာရာကို တရာသီအငှား + ရာသီကုန်ရင် ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ မရရအောင် ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Roma Press

ရိုးမားနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Roma Press သတင်းဌာနရဲ့ ဖော်ပြချက်အရ ကာမာရာက ရိုးမားနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ယနေ့မှာပဲ ရောမမြို့ဆီ လာရောက်နေကာ ကာမာရာဟာ ယနေ့မှာ သူ့ရဲ့ ဆေးစစ်မှုတွေကို စတင် လုပ်ဆောင်ဖို့ ရှိနေပြီး ရိုးမားဟာ ကာမာရာကို ခေါ်ယူနိုင်ခဲ့ကြောင်းအား လာမယ့် ၄၈နာရီ အတွင်း တရားဝင် ကြေညာနိုင်တယ်လို့ သိရပါတယ်။

Exit mobile version