နာမည်ကျော်နည်းပြ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ် တာဝန်ပေးပြီးနောက် ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်စိတ်စိတ် ပြုလုပ်နေတဲ့ စီးရီးအေကလပ် ရိုးမားအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တင်မီ အေဗရာဟမ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရိုးမားအသင်းဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒီဇီကိုရဲ့ နေရာ အတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီးအသင်းက အရောင်းစာရင်း တင်ထားတဲ့ အေဗရာဟမ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူး အေဗရာဟမ်ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ပင်ကိုယ် အရည်အသွေး ကောင်းမွန်သူ တဦး ဖြစ်ကာ ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသူပါ။

ကနဦးမှာတော့ အေဗရာဟမ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ် ၊ စီးရီးအေကလပ် အတ္တလန်တာအသင်းတို့က ချိတ်ဆက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရိုးမားအသင်းဟာ အေဗရာဟမ်အတွက် ချယ်လ်ဆီးအသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းကို ပေးချေဖို့ သဘောတူခဲ့တာကြောင့် ယခုလို ခပ်မြန်မြန်ပဲ သဘောတူမှု ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အေဗရာဟမ်ကလည်း ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားခွင့် ရမယ့် အခွင့်အရေး အတွက် စိတ်လှုပ်ရှားနေပြီး ရိုးမားအသင်းဆီက ကမ်းလှမ်းမှုကို ရရှိချိန်မှာ တခါထဲ သဘောတူခဲ့ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ရိုးမားအသင်းဟာ အေဗရာဟမ်ကို ခေါ်ယူဖို့ အတွက် လိုအပ်တဲ့ တရားဝင် စာရွက်စာတမ်း ကိစ္စတွေကို လုပ်ဆောင်နေပြီ ဖြစ်သလို အေဗရာဟမ်ကလည်း ရိုးမားအသင်း အခြေစိုက်ရာ ရောမမြို့ဆီ လာရောက်ကာ ဆေးစစ်မှု ခံယူဖို့ ပြင်ဆင်နေပါပြီ။