MySport Myanmar

မက်ဂွိုင်းယားကို အမှားကောင်ကြီးလို့ ပြစ်တင်လိုက်တဲ့ သရဲနီဟောင်း ရိုဟို

မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ပါဝင်ခဲ့သူ အာဂျင်တီးနား နောက်ခံလူ မားကို့စ်ရိုဟိုက လက်ရှိ မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟာရီမက်ဂွိုင်းယားဟာ အမှားကြီးတွေကို လုပ်ဆောင်တတ်သူလို့ ဝေဖန်သွားခဲ့ပြီး နည်းပြဟောင်း ဆိုးလ်ရှားဟာလည်း မက်ဂွိုင်းယားကို ဈေးကြီးပေးပြီး ခေါ်ယူထားခဲ့တာကြောင့် အမှားတွေ လုပ်နေတာတောင် မက်ဂွိုင်းယားကိုပဲ အသင်းမှာ နေရာပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်မှာပဲ မက်ဂွိုင်းယားကို လက်စတာကနေ ပေါင်သန်း(၈၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လပိုင်းအကြာမှာပဲ ဆိုးလ်ရှားက အင်တာကို ပြောင်းသွားတဲ့ အက်ရှ်လေယန်းဆီက အသင်းခေါင်းဆောင် ရာထူးကိုပါ မက်ဂွိုင်းယားဆီ လွဲပြောင်းပေးခဲ့ပါသေးတယ်။ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရတဲ့ ကစားသမားဖြစ်လို့ ဆိုးလ်ရှားက မက်ဂွိုင်းယားကို ပွဲတိုင်းလိုလိုမှာ နေရာပေးခဲ့ရာ ရိုဟိုလို ကစားသမားတွေပါ နေရာပျောက်လာရပြီး ယူရိုပါလိဂ်ပွဲလောက်သာ ကစားခွင့်ရလာပါတော့မယ်။

Photo Credit : The Mirror

“၂၀၁၉ခုနှစ်တုန်းက ကျွန်တော် ယူရိုပါလိဂ်မှာ ကစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီအချိန်က ယူနိုက်တက် နည်းပြနဲ့ ပတ်သက်ပြီး ဒေါသထွက်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းရဲ့ လူစာရင်းမှာ ကျွန်တော့်အစား မက်ဂွိုင်းယားကို နေရာပေးနေခဲ့လို့ပါ။ အခုတော့ လီဆန်ဒရိုက သူ့နေရာကို ရယူနိုင်လိုက်တာ အရမ်းကောင်းတယ်။ တစ်နေ့တော့ ကျွန်တော် အိုလေရဲ့ ရုံးခန်းထဲကို သွားပြီး ကျွန်တော့်ကို အခြား အသင်းတစ်သင်းဆီ ထွက်ခွာခွင့်ပြုမလား ဒါမှမဟုတ် အသင်းရဲ့ ပွဲထွက် ကစားသမားစာရင်းမှာ ထည့်ပေးမလားလို့ မေးလိုက်တယ်။”

Photo Credit : Daily Mail

“ဒါပေမယ့် သူက မက်ဂွိုင်းယားအတွက် ဈေးကြီးပေးပြီး ခေါ်ထားရလို့ ကစားခွင့် ပေးကိုပေးရလိမ့်မယ်ဆိုပြီး ပြောလာတယ်။ မက်ဂွိုင်းယားက အမှားတွေ အကြီးကြီးကို လုပ်ထားတယ်လို့လည်း ကျွန်တော် အိုလေကို ပြောထားခဲ့ပြီးသားပါ။ ကျွန်တော်လည်း စိတ်မထိန်းနိုင်လို့။ ဟာ ခွေးမသားရယ် ဒီအမှားကောင်က အပတ်တိုင်း အမှားကြီးတွေ လုပ်လွန်းလို့ ငါ့ကိုပဲ ကစားခွင့်ပေးပါလို့ ပြောမိခဲ့သေးတယ်” လို့ ရိုဟိုက TyC Sports နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version