ဘိုကာဂျူနီယာအသင်းရဲ့ အာဂျင်တီးနား ဝါရင့် ခံစစ်ကစားသမားကြီး မားကို့စ် ရိုဟိုက သူရဲ့လက်ရွေးစင် အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ ရှိရာ အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ဒီအခွင့်အရေးကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရိုဟိုဟာ လက်ရှိမှာ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းမှာ ပါဝင်ကစားနေပြီး သူ့လို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို အင်တာ မိုင်ယာမီက အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Mundo Deportivo

အင်္ဂလန် နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်ထားတဲ့ အင်တာ မိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မက်ဆီ ဘူးစကွက်စ် အယ်လ်ဘာတို့လို ထိပ်တန်း ဘောလုံးသမားဟောင်းကြီးတွေကို ခေါ်ယူ အားဖြည့်ခဲ့ပြီး အသင်းကို အကောင်းဆုံးပုံစံရအောင် တည်ဆောက်ခဲ့ပါတယ်။

ဒီဈေးကွက်အတွင်းမှာလည်း မက်ဆီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ကိုပါ အသင်းဆီ အရ ခေါ်ယူထားနိုင်ခဲ့တဲ့ အင်တာ မိုင်ယာမီဟာ နောက်ထပ် မက်ဆီ အသင်းဖော်ဟောင်း ရိုဟိုကို ခေါ်ယူသွားနိုင်ဖို့အတွက် ထပ်မံ ကြိုးပမ်းခဲ့ပြန်ပါတယ်။

Photo Credit : El Futbolero US

ရိုဟိုကို အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့လာဖို့အတွက် မက်ဆီ နဲ့ မိုင်ယာမီ နည်းပြ မာတီနိုကိုယ်တိုင် ကြိုးပမ်းခဲ့တာဖြစ်ပြီး မာတီနိုဆိုရင်လည်း ရိုဟိုဆီ ဖုန်းနဲ့ ဆက်သွယ်ကာ ကမ်းလှမ်းခဲ့ပေမယ့်လည်း ရိုဟိုကတော့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီး ဘိုကာဂျူနီယာမှာသာ ဆက်ကစားသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ရိုဟိုကို မခေါ်ယူနိုင်ခဲ့တဲ့ အင်တာ မိုင်ယာမီအသင်းကတော့ နောက်ထပ် နာမည်ကျော် ကစားသမားကြီးတွေကို ဆက်လက် ခေါ်ယူသွားဖို့ ပြင်ဆင်လို့နေပြီး ဘာစီလိုနာက ဆာဂျီ ရောဘတ်တို နဲ့ ရီးယဲလ်မက်ဒရစ်က လူကာ မိုဒရစ်တို့ကို ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။