မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေတာကြောင့် မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံရှိ နာမည်ကျော် ဘောလုံးကလပ်အသင်းတစ်ခုဖြစ်တဲ့ အက်စတူဒီယန်းတန့်စ်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ရတဲ့ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟိုက သူအနေနဲ့ သူရဲ့မူရင်းအသင်းဆီကို ပြန်လည်မပြောင်းရွှေ့ခင် အသင်းဟောင်းယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားအနေနဲ့ သူ့အပြောင်းအရွှေ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့ လုပ်ရက်တစ်ခုအပေါ်မှာ နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်၂၉နှစ်အရွှယ်ရှိ ဗဟိုခံစစ်ကစားသမား ရိုဟိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကပဲ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ပြီး အဲဗာတန်နဲ့ ဖီအိုရင်တီးနားအသင်းတွေဆီ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့သေးပါတယ်။ ဒါပေမယ့် အသင်းကနေ ထွက်ခွာခွင့်မရခဲ့ပေမယ့် ယူနိုက်တက်မှာလည်း ပွဲထွက်ကစားခွင့်မရခဲ့တဲ့ ရိုဟိုဟာ ဆောင်းရာသီစျေးကွက်အရောက်မှာတော့ သူရဲ့အသင်းဟောင်း အက်စတူဒီယန်းတန့်စ်အသင်းဆီ ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အချိန်သိပ်မလိုခင်မှာပဲ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဘက်ကနေ သူ့ကို အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာပါလို့ သတင်းထောက်တွေကို ပြောဆိုသွားခဲ့တာကို လုံးဝနားမလည်နိုင်အောင် ဖြစ်ခဲ့ရကြောင်း ရိုဟိုက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

ရိုဟိုက သူရဲ့အပြောင်းအရွှေ့ဖြစ်မြောက်လာခါနီးမှာ သူရဲ့မိခင်ကိုလှမ်းအသိပေးခဲ့ပြီး ဘယ်သူကိုမှ ထုတ်မပြောဖို့ နှုတ်ပိတ်ခဲ့ပေမယ့်လည်း သူ့အမေကတော့ ရုတ်တရက်ထုတ်ပြောမိခဲ့ကြောင်းနဲ့ အသင်းဟောင်းဆီကို ပြန်လည်ပြောင်းရဖို့အတွက်ကိုလည်း ခက်ခက်ခဲခဲနဲ့ကို ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။ နောက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆိုးလ်ရှားက ရိုဟိုဟာ ဒဏ်ရာရရှိနေတာဖြစ်ပြီး မကြာခင်မှာ ကြံခိုင်မှုပြန်ကောင်းလာနိုင်အောင် ကြိုးပမ်းနေလျက်ရှိကြောင်းနဲ့ အသင်းကနေ ထွက်ခွာမှာမဟုတ်ကြောင်း အသိပေးပြောဆိုခဲ့ချိန်မှာ တကယ်တမ်း သူရဲ့အပြောင်းအရွှေ့က ပြီးမြောက်လုနီးပါး ဖြစ်နေချိန်ရောက်နေတာမို့လို့ ဆိုးလ်ရှားအနေနဲ့ သူရဲ့အပြောင်းအရွှေ့ပေါ် သတင်းမီဒီယာတွေပေါ်မှာ ဘာကြောင့်ဖုံးဖိခဲ့သလဲဆိုတာကို နားမလည်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။