MySport Myanmar

စပါးထက် ပိုကြီးမားတဲ့ ကလပ်အသင်းဆီကိုသာ ပြောင်းချင်တဲ့ ရိုဒရီဂို

တော့တင်ဟမ် ဟော့စပါးအသင်းဟာ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် စုံစမ်းမေးမြန်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် ကစားသမားဖြစ်သူက စပါးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

စပါးအသင်းဘက်က အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း အသက်(၂၄)နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်က တကယ်လို့ သူသာ ဆန်တီယာဂို ဘာနေဗျူးကွင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် တော့တင်ဟမ်ထက် ပိုကြီးတဲ့ ကလပ်အသင်းတစ်ခုကိုသာ ပြောင်းရွှေ့လိုတယ်လို့ သဘောထားရှိနေကြောင်း သိရပါတယ်။

Photo Credit : Goal

အစောပိုင်းသတင်းများအရ တော့တင်ဟမ်အသင်းဟာ ရိုဒရီဂိုကို ဒီနွေရာသီမှာ အပြီးသတ်စာချုပ်နဲ့ ခေါ်ယူဖို့ ရည်ရွယ်ပြီး ရီးယဲလ် မက်ဒရစ်ထံ တရားဝင် စုံစမ်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာမည်ကြီး သတင်းဌာန FootMercato ကတော့ ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ စပါးအသင်းထံ လုံးဝပြောင်းရွှေ့လိုခြင်းမရှိကြောင်း အတည်ပြုဖော်ပြခဲ့ပါတယ်။ စပါးအသင်းရဲ့ ကြိုးပမ်းမှုရှိနေသော်လည်း နှစ်ဖက်အကြား ဘယ်လိုဆွေးနွေးမှုမျိုးမှ လက်ရှိမှာ ပြုလုပ်နေခြင်းမရှိဘူးလို့ ဆိုပါတယ်။

ရီးယဲလ်မက်ဒရစ်မှာ ရိုဒရီဂိုရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။ အထူးသဖြင့် အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲမှာ အသင်းဖော် ကီလီယန် အမ်ဘာပေ ကြံ့ခိုင်မှုမပြည့်ဝနေတဲ့ကြားက သူ့ကို အရန်ခုံမှာ ချန်လှပ်ထားခဲ့ပြီးနောက်မှာ သူ့ရဲ့အသင်းတွင်းနေရာဟာ အရင်လို မခိုင်မာတော့ပါဘူး။ ဒါတောင်မှ ရိုဒရီဂိုဟာ ရီးယဲလ်မှာပဲ ဆက်နေဖို့ ဒါမှမဟုတ် ထွက်ခွာခဲ့ရင်တောင် စပါးထက် ပိုကြီးတဲ့ ထိပ်တန်းအဆင့် အသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ဖို့ အာရုံစိုက်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွယ် တောင်ပံကစားသမားဟာ ရီးယဲလ်နဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိတဲ့ ရေရှည်စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ သူဟာ ကလပ်အသင်းအတွက် ပွဲပေါင်း(၂၇၀) ပါဝင်ကစားပေးထားပြီး သွင်းဂိုး(၆၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅၁)ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ သူ့ရဲ့အရည်အသွေးနဲ့ အသက်အရွယ်အရ ရီးယဲလ်အသင်းက သူ့ကို တန်ရာတန်ကြေးထက် လျော့နည်းတဲ့ဈေးနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် သူ့ကိုခေါ်ယူလိုတဲ့အသင်းဟာ ပြောင်းရွှေ့ကြေးအမြောက်အမြား သုံးစွဲရမှာ ဖြစ်ပါတယ်။

ရိုဒရီဂိုရဲ့ ပြတ်သားတဲ့သဘောထားကြောင့် တော့တင်ဟမ်အသင်းဟာ တခြားပစ်မှတ်တွေဆီကို အာရုံပြောင်းရွှေ့သွားဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းကလည်း ဘရာဇီးလ်သားကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် သူတို့ဘက်က တရားဝင်ကမ်းလှမ်းမှုမျိုးတော့ မပြုလုပ်သေးပါဘူး။ လောလောဆယ်မှာတော့ ထိပ်တန်းကလပ်အသင်းတစ်သင်းဆီကနေ ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှုတစ်ခု မရောက်လာမချင်း ရိုဒရီဂိုဟာ ရီးယဲလ်မက်ဒရစ်မှာပဲ ဆက်ရှိနေဖို့များနေပါတယ်။

Exit mobile version