ဒီရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ ရီးယဲလ် တိုက်စစ်ကစားသမားလေး ရိုဒရီဂိုက သူ့အနေနဲ့ ဒီသတင်းတွေအပေါ် စိတ်ဝင်စားခြင်း မရှိပဲ ရီးယဲလ်အသင်းမှာသာ ပျော်ရွှင်နေတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ် ဘရာဇီးလ် ကြယ်ပွင့်ကစားသမားလေး ရိုဒရီဂိုဟာ မန်စီးတီးအသင်းကို လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း မန်စီးတီးကပါ တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Mediotimepo

ဒါ့အပြင် မကြာခင်မှာပဲ ရီးယဲလ်အသင်းဆီကို ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေ ပြောင်းရွှေ့လာတော့မှာလည်းဖြစ်လို့ ဘာပေ ရောက်လာချိန် နေရာပျောက်နိုင်ခြေ ရှိနေတဲ့ ရိုဒရီဂိုဟာ ရီးယဲလ်ကနေ ထွက်ခွာကောင်း ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ သတင်းတွေဟာလည်း ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ရိုဒရီဂို ဗင်နီစီယပ်စ်တို့ဟာ ရီးယဲလ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတွေ ဖြစ်သလို ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကလည်း ဒီကစားသမားတွေကို အသင်းမှာ ကာလရှည်ကြာ ထိန်းသိမ်းထားချင်တဲ့အတွက် နှစ်ရှည်စာချုပ်သစ်များပါ ချုပ်ဆိုထားခဲ့ပါသေးတယ်။

Photo Credit : El Heraldo

အခုလို ကောလဟာလ ထွက်ပေါ်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ ကာယယံရှင်ဖြစ်တဲ့ ရိုဒရီဂိုကိုယ်တိုင်ကလည်း “ဒီတစ်ပတ်အတွင်းမှာ ကမ်းလှမ်းမှုတွေ ၊ ကလပ်အသင်းတွေ ၊ စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သတင်းမီဒီယာတချို့ကနေ ဖော်ပြလာခဲ့ကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမသိသလို စိတ်လည်းမဝင်စားပါဘူး။”

“တကယ်လို့ ကမ်းလှမ်းချက်တွေ ရှိလာခဲ့မယ်ဆိုရင်တောင်မှ အဲ့ဒါတွေအတွက် ကျွန်တော့်မှ ဘာမှ စဉ်းစားစရာ မရှိပါဘူး။ ကျွန်တော်က ဒီမှာပဲ ဆက်ရှိနေမှာ။ ကျွန်တော် ရီးယဲလ်မှာ ရှိနေရတာပဲ ပျော်ရွှင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကနေ ကျွန်တော် ဘယ်လိုလုပ်ပြီး ထွက်ခွာသွားနိုင်မှာလဲ။” လို့ တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။