ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘရာဇီးလက်ရွေးစင်အသင်းတို့ရဲ့ ဆယ်ကျော်သက်လူငယ်တိုက်စစ်ကစားသမားလေးဖြစ်တဲ့ ရိုဒရီဂိုက သူ့ကို ပရိသတ်တွေကနေ သူရဲ့စီနီယာတိုက်စစ်ကစားသမားဖြစ်တဲ့ နေမာနဲ့ နှိုင်းယှဉ်ပြီး နေမာလက်သစ်လို့ တင်စားခေါ်ဆိုနေခြင်းအပေါ် သူနှစ်သက်ခြင်းမရှိပဲ အဲ့ဒီလို ခိုင်းနှိုင်းခေါ်ဆိုနေခြင်းတွေက သူ့အတွက် ဖိအားတွေသာ ပိုများစေခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၁၉)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တိုက်စစ်ကစားသမားလေး ရိုဒရီဂိုဟာ သူ့အသက် (၁၂)နှစ်အရွှယ်လောက်ကတည်းက သူရဲ့ခြေစွမ်းကောင်းတွေကြောင့် ဆန်းတို့စ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ နေမာ ရော်ဘင်ဟိုတို့နဲ့ ခိုင်းနှိုင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း နေမာလက်သစ်လို့ ဆက်လက်တင်စားခေါ်ဆိုနေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုခေါ်ဆိုနေခြင်းတွေက သူ့အတွက် စိတ်အားတတ်ကြွမှုကို မဖြစ်စေခပဲ ဖိအားဒဏ်တွေကိုပဲ ပိုမိုခံစားလာစေရတယ်လို့ ညည်းတွားပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဒီလိုတင်စားခံနေရမှုနဲ့ပတ်သက်ပြီး ရိုဒရီဂိုက “ဆန်းတို့စ်အသင်းနဲ့အတူ ကျွန်တော်ရဲ့ဘောလုံးသမားဘဝကို စတင်ချိန်လောက်ကတည်းက ပရိသတ်တွေက ကျွန်တော့်ကို နေမာ ရော်ဘင်ဟိုုတို့နဲ့ ခိုင်းနှိုင်းလာခဲ့ကြပြီး နေမာလက်သစ်လို့လည်း ခေါ်ဆိုလာခဲ့ကြတယ်။ ဒါတွေကြောင့် ကျွန်တော်ဖိအားတွေ ဝင်လာခဲ့ရပါတယ်။ ကျွန်တော်အမြဲတမ်းပြောတယ်။ ကျွန်တော် တခြားလူတစ်ယောက်ရဲ့ပုံစံအတိုင်း မဖြစ်လိုဘူး။ ကျွန်တော်က ရိုဒရီဂိုပဲ ဖြစ်ချင်တယ်ဆိုတာကို။ ရော်ဘင်ဟိုနဲ့ နေမာတို့က ကျွန်တော့်အတွက် တကယ့်ကို လေးစားအားကျရတဲ့ ကစားသမားတွေဖြစ်ပြီးတော့ သူတို့ကစားခဲ့တဲ့ အသင်းတိုင်းမှာလည်း အောင်မြင်ခဲ့တဲ့သူတွေပါ။ ကျွန်တော်က အခုမှ ကစားသမားဘဝကို စတင်ရတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ နေမာက တစ်ယောက်တည်းပဲ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို ခိုင်းနှိုင်းမှုတွေက ကျွန်တော့်ကို အမြဲတမ်းဖိအားဒဏ်တွေအဖြစ်ပဲ ပြောင်းလဲသွားစေခဲ့တယ်။ ကျွန်တော် ရိုဒရီဂိုသာပဲ ဖြစ်ချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရိုဒရီဂိုဟာ ၂၀၁၉ခုနှစ်ကမှ ဆန်းတို့စ်ကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း သူ့ကို ဘရာဇီးလက်ရွေးစင်အသင်းကနေ ရွေးချယ်လို့ထားကာ အသင်းအတွက်လည်း ပွဲစဉ်(၃)ပွဲကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။