မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်အတွင်းမှာ မထင်မှတ်ပဲ အလျော်အစားများခဲ့ရတဲ့ အမှားအယွင်း(၂)ကြိမ်ကို ကျူးလွန်မိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ရာဖေးလ်ဗာရန်းက အသင်းရဲ့ရှံးနိမ့်မှုက သူရဲ့အမှားအယွင်းကြောင့်သာဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပေမယ့်လည်း ဗာရန်းရဲ့အသင်းဖော် ဂျူနီယာကစားသမားလေး ရိုဒရီဂိုကတော့ ဒီအမှားတွေက ဗာရန်းရဲ့ကစားသမားဘဝအတွက် အစွန်းအထင်းကြီး ဖြစ်သွားမှာမဟုတ်ဘူးလို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

Photo Credit : AS English

ကမ္ဘာ့ဖလားဆုရ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမားဗာရန်းဟာ ရီးရဲလ်အသင်းမှာ ရာမို့စ်နဲ့တွဲဖက်ကစားပြီး World Class အဆင့် ခြေစွမ်းတွေကို ပြသထားနိုင်သူဖြစ်ပေမယ့်လည်း အသင်းဖော်ရာမို့စ် မပါဝင်နိုင်ခဲ့ချိန်မှာ ရီးရဲလ်ရဲ့ခံစစ်တာဝန်ကို အဓိကထမ်းဆောင်ရင်းနဲ့ မကျူးလွန်ခဲ့သင့်တဲ့ အမှား(၂)ကြိမ်ကို ကျူးလွန်မိခဲ့ရာ မန်စီးတီးဘက်ကို ဦးဆောင်ဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပြီး အသင်းလည်း ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ တိုက်စစ်မှူးလေး ရိုဒရီဂိုကတော့ ဗာရန်းရဲ့အမှားအယွင်းတွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Marca

ရိုဒရီဂိုက “ဒီလို အမှားတွေက တစ်ခါတစ်လေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တာပဲလေ။ ဒါက စိတ်ပျက်စရာ ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း သူက တကယ့်ကို ကစားသမားကောင်းကြီးတစ်ယောက်ဖြစ်လို့ ဒီအမှားတွေက ဒီအသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ သူရဲ့ကစားသမားဘဝ ဖြတ်သန်းမှုအပေါ်မှာ ဘယ်လိုမှ စွန်းထင်းသွားမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပြီး အသင်းရဲ့ ရှံးပွဲနဲ့ပတ်သက်ပြီးတော့ကိုလည်း “အရှံးအတွက်ကတော့ ဝမ်းနည်းမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နောက်ဆုံးအချိန်ထိကို ကျားကုတ်ကျားခဲနဲ့ ကစားခဲ့တာမို့လို့ပါ။ ကျွန်တော်တို့အသင်း ဂိုးရဖို့ကလည်း အရမ်းကိုခက်ခဲခဲ့ရတယ်။ သူတို့အသင်းက အရမ်းကောင်းမွန်နေတော့ ဂိုးပြန်လည်သွင်းနိုင်ဖို့က ခက်ခဲနေတာ။ သူတို့က သူတို့ကွင်းမှာဆိုရင် အရမ်းကို တောင့်တင်းလွန်းပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄)ဂိုး(၂)ဂိုးနဲ့ ရှံးနိမ့်ခဲ့ရတာဖြစ်လို့ ချန်ပီယံလိဂ်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရကာ မန်စီးတီးကတော့ ဂျုဗင်တပ်စ်ကို အဝေးဂိုးစည်းမျဉ်းနဲ့ နောက်ကောက်ချနိုင်ခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။