စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ကိုလံဘီယာ ကြယ်ပွင့် ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်စ် ကတော့ ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တဲ့ အသင်းနှစ်သင်း အနက် သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ထက် ပရီးမီးယားလိဂ် ကလပ် လီဗာပူးကိုသာ ချန်ပီယံ ဖြစ်စေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးကလပ် အဖြစ် စံချိန်တင်ထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်နိုင်ငံရဲ့ ချန်ပီယံလိဂ်ဆုများရှင် အဖြစ် သတ်မှတ်ခံထားရတဲ့ လီဗာပူးတို့ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်ရောက်ထားနိုင်တဲ့ အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းစလုံးက ကစားပုံအရရော ၊ သမိုင်းကြောင်းပါ ခပ်ဆင်ဆင် တူညီတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း အနက် ဘယ်အသင်းက ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတာကို မှန်းဆရ ခက်ခဲနေပါတယ်။

Photo Credit: Mirror

ဒါပေမယ့် စပိန်လာလီဂါ ချန်ပီယံ အဖြစ် မကြာသေးမီကမှ အောင်ပွဲခံနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို အကြိမ်ကြိမ် ရရှိခဲ့တဲ့ အသင်းတသင်း ဖြစ်သလို လက်ကျန် လာလီဂါပွဲစဉ်တွေမှာ အားကုန်ထုတ်စရာ မလိုတော့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် နေရတဲ့ လီဗာပူးထက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့် အခွင့်အလမ်း ပိုမို များပြားနေကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဂျိမ်းစ် ရိုဒရီဂွက်စ်ကတော့ သူဟာ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဗိုလ်လုပွဲတွေမှာ ခြေစွမ်းပြတတ်တာကို သိထားပေမယ့် သူ့ရဲ့ နိုင်ငံအသင်းဖော် လူးဝစ် ဒီယက်ဇ် ရှိနေတဲ့ လီဗာပူးကိုသာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် မြင်တွေ့ချင်ကြောင်း ထုတ်ပြောလာပါတယ်။

Photo Credit: Mirror

ရိုဒရီဂွက်ဇ်က – “ကျွန်တော်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးကို ချန်ပီယံ အဖြစ် မြင်တွေ့ချင်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အများကြီး ရှိသလို ရီးရဲလ်မက်ဒရစ်က ဗိုလ်လုပွဲတွေမှာ ဆိုရင် ရင်ဆိုင်ရ ခက်တဲ့ အသင်းကောင်း တသင်း ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်က လူချို (ဒီယက်ဇ်)ကို ချန်ပီယံလိဂ် ချန်ပီယံအဖြစ် မြင်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။