MySport Myanmar

အသက်လက်တီကို မက်ဒရစ်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်

လက်ရှိမှာ ကျင်းပနေဆဲဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် အထူး ခြေစွမ်းပြသလို့နေတဲ့ အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ် ကစားသမားကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ဒီနွေမှာ အသက်လက်တီကို မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကိုလံဘီယာ လက်ရွေးစင် ကစားသမားကြီး ရိုဒရီဂွက်ဇ်ဟာ ပေါ်တို မိုနာကို ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် အဲဗာတန် အိုလံပီယာကော့စ်တို့လို ဥရောပ ကလပ်အသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့ဖူးပြီး လက်ရှိတော့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ပါဝင်ကစားနေပါတယ်။

Photo Credit : Goal

ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံနေရာတွေမှာ ကစားတက်သူဖြစ်တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအတွက်လည်း ပွဲပေါင်း (၁၀၀)အထိ ကစားထားသူ ဖြစ်သလို အခု ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာပါ ကိုလံဘီယာအသင်းကို ဖိုင်နယ်အထိ ပို့ဆောင်ပေးထားနိုင်တဲ့အပြင် သွင်းဂိုး (၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်ထိ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

တကယ်တော့ ရိုဒရီဂွက်ဇ်ဟာ ၂၀၂၀နောက်ပိုင်း နှစ်တွေမှာ ခြေစွမ်းပိုင်း ကျဆင်းလာခဲ့ပြီး အဲဗာတန်မှာလည်း ရုန်းကန်ခဲ့ရတာကြောင့် အဲဗာတန်ကနေ ကာတာကလပ် အယ်လ်ရေယန် ၊ ဂရိကလပ် အိုလံပီယာကော့စ်နဲ့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းတွေဆီ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ဆက်တိုက် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Marca

ဒါပေမယ့် လက်ရှိမှာတော့ ရိုဒရီဂွက်ဇ်က ကိုလံဘီယာနဲ့အတူ ပြန်လည် တောက်ပနေတာကြောင့် သူ့ကို ဥရောပက ကလပ်အသင်း တချို့က စိတ်ဝင်စားလာခဲ့ပြီး အဲ့ဒီထဲမှာ ဒီယေဂို ဆီမြွန်နီရဲ့ အသက်လက်တီကိုအသင်းပါ ပါဝင်လာခဲ့ပါတယ်။

နည်းပြကြီး ဆီမြွန်နီက ရိုဒရီဂွက်ဇ်ကို ရီးယဲလ်ကနေ အဲဗာတန်အသင်းဆီ မပြောင်းရွှေ့ခင်မှာကတည်းက သူရဲ့ အသက်လက်တီကိုအသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခုလည်း ကိုပါအမေရိကမှာ တစ်ကျော့ပြန် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ရိုဒရီဂွက်ဇ်ကို တဖန် စိတ်ဝင်စားလာခဲ့ပြန်ကာ ခေါ်ယူချင်လာခဲ့ပါတယ်။

Exit mobile version