ကမ္ဘာပေါ်မှာ ပရိသတ်အင်အား အခိုင်အမာ ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် ကိုလံဘီယာ ဘောလုံးကြယ်ပွင့် ဟားမက်ဇ် ရိုဒရီဂွက်ဇ်ဟာ ကာတာကလပ် အယ်ရေယန်အသင်း အတွက် စတုတ္ထမြောက် ပါဝင် ကစားပေးခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ဖို့ ကြိုးစားခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ်သာ ရှိသေးတဲ့ ရိုဒရီဂွက်ဇ်ဟာ ဘောလုံးသမား တယောက်ရဲ့ အကောင်းဆုံးအချိန်လို့ ပြောလို့ရမယ့် အသက်အရွယ်မှာပဲ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဥရောပ ဘောလုံးလောကကို စွန့်ခွာကာ ကာတာကလပ် အယ်ရေယန်အသင်းဆီ ၃နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရသူပါ။

Photo Credit: Daily Mail

ရိုဒရီဂွက်ဇ်ဟာ ကာတာနိုင်ငံဆီ ရောက်ရောက်ချင်းမှာပဲ အသင်းသစ် အယ်ရေယန်အသင်းနဲ့ ချက်ချင်း အသားကျခဲ့ကာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရိုဒရီဂွက်ဇ်ရဲ့ ပျားရည်ဆမ်းကာလဟာ စတုတ္ထမြောက်ပွဲစဉ်မှာပဲ ပြီးဆုံးသွားခဲ့ပြီး အယ်ရေယန်အသင်းက အယ်အာရဘီအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရိုဒရီဂွက်ဇ်ဟာ ဥပဒေပ ဖျက်ထုတ်ခြင်း ခံရပြီးနောက် တဖက်အသင်းရဲ့ ကစားသမားတွေနဲ့ အချင်းများမှု ဖြစ်ခဲ့ကာ အဆိုပါ အချင်းများမှုကြောင့် ကွင်းလယ်ဒိုင်က သူ့ကို အဝါကတ် ပြသခဲ့ရာ ဒေါသထွက်ပြီး ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ဖို့ အထိ ကြိုးစားခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။

 

Photo Credit: Daily Mail

အဆိုပါဖြစ်ရပ်မှာ ရိုဒရီဂွက်ဇ်ကို အဝါကတ်ပြား ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ အတော်လေး မှားယွင်းခဲ့ပေမယ့် အဝါကတ် ပြသခံရပြီးနောက် ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ဖို့ ကြိုးစားခဲ့တဲ့ ရိုဒရီဂွက်ဇ်ရဲ့ လုပ်ရပ်ကလည်း လက်သင့်ခံစရာ မရှိပဲ ရိုဒရီဂွက်ဇ်အနေနဲ့ အရင်ကလို ကမ္ဘာ့အဆင့် ခြေစွမ်းကို ပြန်လည် ပြသနိုင်ဖို့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ကို ပြင်ဆင်သင့်ပါတယ်။

လက်ရှိမှာတော့ အယ်ရေယန်အသင်းဟာ ရိုဒရီဂွက်ဇ်ရဲ့ အနီကတ် ပြစ်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပေမယ့် ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ဖို့ အထိ လုပ်ခဲ့တဲ့ ရိုဒရီဂွက်ဇ်ရဲ့ လုပ်ရပ်က ရုပ်သံတွေမှာ ထင်ရှားနေတာကြောင့် ရိုဒရီဂွက်ဇ်ဟာ ၃ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်။