ဒီနှစ်ဘောလုံးရာသီ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကနေ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကိုလံဘီယာကြယ်ပွင့် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသင်းကို ရောက်ရှိပြီးနောက် တစ်ရာသီအကြာမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာဖို့ စဉ်းစားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့သလို ပရီးမီးယားလိဂ်ကနေ စပိန်လာလီဂါဆီ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : 101 Great Goals

အသက်(၂၉)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ သူရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ ပွဲဦးထွက်မှာ အဲဗာတန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ(၂၀)အတွင်းမှာ (၅)ဂိုး သွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှုလည်း (၇)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပေမယ့်လည်း ဂျိမ်းစ်ဟာ အင်္ဂလန်နိုင်ငံရဲ့ ရာသီဥတုအခြေအနေတွေအပေါ်မှာ စိတ်တိုင်းမကျ ဖြစ်လို့နေရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကို အသားပေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ခက်ခက်ခဲခဲ ပါဝင်ယှဉ်ပြိုင်ရတာကို သဘောမကျ ဖြစ်နေတဲ့အတွက် အသင်းကနေ ပြန်လည်ထွက်ခွာချင်လာတာဖြစ်တယ်လို့ Defensa Central ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sportmole

အင်္ဂလန်နိုင်ငံရဲ့ ရာသီဥတုက ဒီရာသီဥတုနဲ့ ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိလှတဲ့ ကစားသမားတွေအတွက်တော့ ခက်ခဲကောင်းခက်ခဲစေနိုင်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာကလည်း ရုပ်ပိုင်းဆိုင်ရာ ပိုမိုအသားပေးပြီး ယှဉ်ပြိုင်တတ်တဲ့ ပြိုင်ပွဲမျိုးဖြစ်တာကြောင့် သူ့လို ယခင်ကတည်းက ဒဏ်ရာပြသာနာများစွာနဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့ ကစားသမားအတွက် နောက်ထပ်ဒဏ်ရာတွေကို အလွယ်တကူ ရနိုင်တာကြောင့် အဲဗာတန်ကနေ ပြန်လည်ထွက်ခွာချင်နေတာလို့ သိရှိရပါတယ်။ ဂျိမ်းစ်ဟာ သူနဲ့ပိုပြီးအဆင်ပြေမယ့် စပိန်လာလီဂါပြိုင်ပွဲဆီကိုသာ ပြန်သွားချင်နေပြီး သူ့ကိုလည်း သူရဲ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ မက်ဒရစ်မြို့ခံအသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူသွားချင်နေပါတယ်။ အဲဗာတန်အသင်းဘက်ကလည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အက်ဒရီယန်ရာဘီအော့ကို ပစ်မှတ်ထားလို့နေပြီး ပေါင်(၂၅)သန်းဝန်းကျင်နဲ့ အရခေါ်ယူဖွယ် ရှိနေပါတယ်။